ဒုတိယအကြိမ် ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲ ပထမအကျော့ ရလဒ်တွေကို ကြေညာပြီးနောက် ဆန္ဒပြသူတဦးကို အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတဦးက ဖမ်းဆီးလိုက်စဉ် (Photo- AFP)
ခင်မောင်ဝင်း
ယူကေ (United Kingdom of Great Britain and Northern Ireland, UK) မှာ ဇူလိုင်လ ၄ ရက်နေ့က ပါလီမန်အောက်လွှတ်တော်(House of Commons)အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ လေဘာပါတီက ကိုင်ယာစတာမာ(Keir Starmer)ဝန်ကြီးချုပ်အဖြစ် ဦးဆောင်တဲ့ လေဘာအစိုးရကို ဇူလိုင်လ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ ယူကေမှာ ၁၄ နှစ်ကြာ အာဏာရခဲ့တဲ့ ကွန်ဆာ ဗေးတစ်အစိုးရကို အဆုံးသတ်စေခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ အမတ် ၅၇၇ ရှိတဲ့ အောက်လွှတ်တော်(National Assembly) အတွက် ဇွန်လ ၃၀ ရက်က ပထမအကြော့၊ ဇူလိုင် ၇ ရက်နေ့က ဒုတိယအကြော့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒုတိယ အကြော့ ရွေးကောက်ပွဲရလဒ်တွေအရ လက်ယာစွန်း National Rally ပါတီအနိုင်မရအောင် သမ္မတ အီမန်နျူရယ်မက်ကရွန်း (Emmanuel Macron) ရဲ့ မဟာမိတ်တွေနဲ့ လက်ဝဲညွန့်ပေါင်းတွေက ဟန့်တား နိုင်ခဲ့ပါတယ်။
လက်ဝဲ Popular Front က ၁၈၂ နေရာနဲ့ အများဆုံးအနိုင်ရပြီး သမ္မတမက်ကရွန်းရဲ့ အလယ်လတ်အုပ်စု Ensemble alliance က ၁၆၃ နေရာနဲ့ ဒုတိယနေရာက အနိုင်ရပါတယ်။ National Rally ပါတီက ၁၄၃ နေရာနဲ့ တတိယနေရာကပဲ အနိုင်ရခဲ့တယ်။ ဘယ်ပါတီအုပ်စုကမှ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ် ၂၈၉ နေရာ အနိုင်မရပါ။ အဆိုးဆုံးအန္တရာယ်ကိုကျော်နိုင်ခဲ့ပြီလို့ Popular Front ခေါင်းဆောင် Jean-Luce Melenchon က ပြောပါတယ်။ လက်ရှိဝန်ကြီးချုပ် ဂရာဘီရယ်အတ်တယ် (Gabriel Attal) က သူနုတ်ထွက်မယ်လို့ ကြောညာပြီးဖြစ်တယ်။ Popular Front ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရပေါ်လာနိုင်ချေများပါတယ်။ ဥရောပရဲ့ အင်အားကြီး ဒီမိုကရေစီနှစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုနဲ့ ဆက်စပ်နေတဲ့ စိတ်ဝင်စားစရာ၊ မတူညီတဲ့ နိုင်ငံရေးစနစ်နဲ့ ရွေးချယ်တင်မြှောက် ပုံစနစ်တွေအကြောင်း နှိုင်းယှဉ် တင်ပြပါမယ်။
Original Post – https://bur.mizzima.com/2024/07/08/26642
ပုံအညွှန်း- ဇူလိုင် ၇ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲ ပထမအကျော့ ရလဒ်တွေကို ကြေညာပြီးနောက် ဆန္ဒပြသူတဦးကို အဓိကရုဏ်းနှိမ်နင်းရေး ရဲအရာရှိတဦးက ဖမ်းဆီးလိုက်စဉ် (Photo- AFP)
ခင်မောင်ဝင်း
ယူကေ (United Kingdom of Great Britain and Northern Ireland, UK) မှာ ဇူလိုင်လ ၄ ရက်နေ့က ပါလီမန်အောက်လွှတ်တော်(House of Commons)အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ လေဘာပါတီက ကိုင်ယာစတာမာ(Keir Starmer)ဝန်ကြီးချုပ်အဖြစ် ဦးဆောင်တဲ့ လေဘာအစိုးရကို ဇူလိုင်လ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ ယူကေမှာ ၁၄ နှစ်ကြာ အာဏာရခဲ့တဲ့ ကွန်ဆာ ဗေးတစ်အစိုးရကို အဆုံးသတ်စေခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ အမတ် ၅၇၇ ရှိတဲ့ အောက်လွှတ်တော်(National Assembly) အတွက် ဇွန်လ ၃၀ ရက်က ပထမအကြော့၊ ဇူလိုင် ၇ ရက်နေ့က ဒုတိယအကြော့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒုတိယ အကြော့ ရွေးကောက်ပွဲရလဒ်တွေအရ လက်ယာစွန်း National Rally ပါတီအနိုင်မရအောင် သမ္မတ အီမန်နျူရယ်မက်ကရွန်း (Emmanuel Macron) ရဲ့ မဟာမိတ်တွေနဲ့ လက်ဝဲညွန့်ပေါင်းတွေက ဟန့်တား နိုင်ခဲ့ပါတယ်။
လက်ဝဲ Popular Front က ၁၈၂ နေရာနဲ့ အများဆုံးအနိုင်ရပြီး သမ္မတမက်ကရွန်းရဲ့ အလယ်လတ်အုပ်စု Ensemble alliance က ၁၆၃ နေရာနဲ့ ဒုတိယနေရာက အနိုင်ရပါတယ်။ National Rally ပါတီက ၁၄၃ နေရာနဲ့ တတိယနေရာကပဲ အနိုင်ရခဲ့တယ်။ ဘယ်ပါတီအုပ်စုကမှ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ် ၂၈၉ နေရာ အနိုင်မရပါ။ အဆိုးဆုံးအန္တရာယ်ကိုကျော်နိုင်ခဲ့ပြီလို့ Popular Front ခေါင်းဆောင် Jean-Luce Melenchon က ပြောပါတယ်။ လက်ရှိဝန်ကြီးချုပ် ဂရာဘီရယ်အတ်တယ် (Gabriel Attal) က သူနုတ်ထွက်မယ်လို့ ကြောညာပြီးဖြစ်တယ်။ Popular Front ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရပေါ်လာနိုင်ချေများပါတယ်။ ဥရောပရဲ့ အင်အားကြီး ဒီမိုကရေစီနှစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုနဲ့ ဆက်စပ်နေတဲ့ စိတ်ဝင်စားစရာ၊ မတူညီတဲ့ နိုင်ငံရေးစနစ်နဲ့ ရွေးချယ်တင်မြှောက် ပုံစနစ်တွေအကြောင်း နှိုင်းယှဉ် တင်ပြပါမယ်။
ပုံအညွှန်း- အမျိုးသားအလံကို ကိုင်ဆောင်ထားသော အမျိုးသမီးတဦးကို ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ် (Photo- AFP)
စည်းမျဥ်းခံဘုရင်စနစ် နဲ့ သမ္မတနိုင်ငံစနစ်
စည်းမျဥ်းခံဘုရင်စနစ် – နိုင်ငံတော်ဦးသျှောင် (head of state) ရာထူးကို ဘယ်လိုနည်းနဲ့ ရယူသလဲ ဆိုတဲ့အပေါ်မူတည်ပြီး နိုင်ငံတွေကိုစည်းမျဥ်းခံဘုရင်စနစ် (constitutional monarchy) လား၊ သမ္မတ နိုင်ငံ(republic)လား ခွဲခြားကြပါတယ်။
တချိန်က ကမ္ဘာမှာရှိခဲ့တဲ့ဘုရင်စနစ်တွေဟာ ဘုရင်ကအကြွင်းမဲ့အာဏာပိုင်လို့ အကြွင်းမဲ့ (သို့မဟုတ်) သက်ဦးဆံပိုင်ဘုရင်စနစ် (absolute monarchy)လို့ သတ်မှတ်ခဲ့တယ်။ အင်္ဂလန်ဟာ ဘုရင်ရဲ့လုပ် ပိုင်ခွင့်ကိုကန့်သတ်ပြီး ပြည်သူတွေရွေးချယ်တဲ့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးလုပ်ဆောင်တဲ့ စနစ် တနည်းအားဖြင့် ဘုရင်ရဲ့လုပ်ပိုင်ခွင့်နဲ့ ပြည့်သူ့ကိုယ်စားလှယ်တွေရဲ့လုပ်ပိုင်ခွင့်တွေကို အခြေခံ ဥပဒေအရပုံဖေါ်ထားတဲ့ စည်းမျဥ်းခံဘုရင်စနစ် (constitutional monarchy) ကို ၁၇ ရာစုကတည်းက စတင်မိတ်ဆက်ခဲ့တဲ့ နိုင်ငံပါ။
အင်္ဂလန်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဥ်းခံဘုရင်စနစ်ကိုပြောင်းရာမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကိုကာကွယ်မြှင့်တင်ပေးခြင်းကိုလည်း တပြိုင်နက်လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမ ဆုံး လူ့အခွင့်အရေးကြေညာစာတမ်းလို့တင်စားခံရတဲ့ မဂ္ဂနာကာတာ (Magna Carta) ဆိုရင် ၁၂၁၅ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တယ်။ ဒီကနေ့အချိန်မှာ ထိုင်း၊ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆော်ဒီအာရေးဗီးယားအပါအဝင် ကမ္ဘာ့နိုင်ငံ ၄၀ လောက်မှာ ဘုရင်စနစ်ရှိနေပြီး အားလုံး ဟာ စည်းမျဥ်းခံဘုရင်စနစ်ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘုရင်၊ ဘုရင်မ၊ စော်ဘွား စတာတွေဟာ ဆက်ခံခြင်းနည်းနဲ့ နိုင်ငံတော်ဦးသျှောင်အဖြစ် အာဏာရလာပြီး သေဆုံးသည်အထိ တာဝန်ယူလေ့ ရှိပါတယ်။
သမ္မတနိုင်ငံစနစ် – ရွေးချယ်ခံရသူတဦးဦးက နိုင်ငံတော်ဦးသျှောင်အဖြစ်တာဝန်ယူထားတဲ့ နိုင်ငံတွေ ကိုတော့ သမ္မတနိုင်ငံ (republic) လို့ ခေါ်ပါတယ်။ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ အိန္ဒိယ၊ မြန်မာအပါအဝင် နိုင်ငံ ၁၅၀ ကျော်ဟာ သမ္မတနိုင်ငံစနစ်ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
သမ္မတနိုင်ငံတွေမှာ နိုင်ငံတော်ဦးသျှောင်ဖြစ်လာမဲ့ သမ္မတကို တိုက်ရိုက် (direct) (သို့မဟုတ်) သွယ် ဝိုက် (indirect) တနည်းနည်းနဲ့ ရွေးချယ်လေ့ရှိတယ်။
သမ္မတမှာ နိုင်ငံရေးအာဏာ အများဆုံးရှိတဲ့ အမေရိကန်ပြည်ထောင်စု၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့လို သမ္မတ ဦးဆောင်အစိုးရစနစ် (presidential type of government) ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ ပြင်သစ်၊ ရှရှားတို့လို့ တဝက်တပျက် သမ္မတဦးဆောင်အစိုးရစနစ် (semi-presidential type of government) ကျင့်သုံးတဲ့နိုင်ငံတွေမှာ လူထုက သမ္မတကို တိုက်ရိုက်ရွေးချယ်ပါတယ်။ ဝန်ကြီးချုပ်က နိုင်ငံရေး အာဏာအများစုကိုချုပ်ကိုင်ထားပြီး သမ္မတက နိုင်ငံတော်ဦးသျှောင်သက်သက်မျှသာဖြစ်တဲ့ ဂျာမနီ၊ အိန္ဒိယလိုနိုင်ငံတွေမှာတော့ သမ္မတကို သွယ်ဝိုက်ရွေးချယ်ပါတယ်။
နှစ်နိုင်ငံက မတူတဲ့ အစိုးရစနစ်နှစ်မျိုး
ပါလီမန် ဒီမိုကရေစီ အစိုးရစနစ် – ယူကေဟာ ပါလီမန်ဒီမိုကရေစီစနစ်လို့ လူသိများတဲ့ parliamentary type of government အစိုးရစနစ်ကို ကမ္ဘာမှာ မိတ်ဆက်ပေးခဲ့တဲ့ နိုင်ငံပါ။ ဒီစနစ်မှာ နိုင်ငံတော်ဦးသျှောင်အဖြစ် ဘုရင်၊ ဘုရင်မ(သို့မဟုတ်)အရွေးချယ်ခံသမ္မတက တာဝန်ယူပြီး အုပ်ချုပ် ရေးအာဏာအဓိကကျင့်သုံးတဲ့ အစိုရအကြီးအကဲ(head of government)ရာထူးကိုတော့ ဝန်ကြီးချုပ် က ရယူပါတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရစနစ်မှာ အုပ်ချုပ်ရေးအာဏာအရှိဆုံးဟာ ဝန်ကြီးချုပ်ဖြစ် တာမို့ ဝန်ကြီးချုပ်ကို ရွေးချယ်ပေးရတဲ့ ပါလီမန်အောက်လွှတ်တော်ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ အရေးပါဆုံးဖြစ်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ ပါလီမန် အောက်လွှတ်တော်(House of Commons) အထွေထွေ ရွေးကောက်ပွဲဟာ ယူကေမှာ နိုင်ငံရေးအရအရေးပါဆုံးရွေးကောက်ပွဲဖြစ် ပါတယ်။ အိန္ဒိယ၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်၊ ထိုင်း၊ မ လေးရှား၊ စင်္ကာပူ၊ ၁၉၄၇ အခြေခံဥပဒေအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၈၀ လောက်မှာ ပါလီမန်ဒီမိုကရေစီအစိုးရစနစ်ကို ကျင့်သုံးပါတယ်။
တစ်ဝက်တစ်ပျက် သမ္မတဦးဆောင်အစိုးရစနစ် – ပြင်သစ်တော်လှန်ရေး (၁၉၇၈၉-၁၇၉၉) ဟာ ပြင်သစ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့ပြီး သမ္မတနိုင်ငံစနစ်ကို ၁၇၉၂ ခုနှစ်ကတည်း က စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ပြင်သစ်သမ္မတနိုင်ငံစနစ်ကို အကြိမ်ကြိမ် ပြုပြင် မွန်းမံ လာခဲ့တာ ၁၉၅၈ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ လက်ရှိ ပြင်သစ်သမ္မတနိုင်ငံဟာ ပဉ္စမ သမ္မတနိုင်ငံ (Fifth Republic)ဖြစ်ပါတယ်။ အစိုးရစနစ်အနေနဲ့တော့ တဝက်တပျက် သမ္မတဦးဆောင် အစိုးရစနစ် ကိုကျင့်သုံးပါတယ်။ လူထုကတိုက်ရိုက်ရွေးချယ်တင်မြှောက်တဲ့ သမ္မတနဲ့ ပါလီမန်အောက်လွှတ် တော်(National Assembly)မှာအနိုင်ရတဲ့ပါတီကရွေးချယ်တဲ့ ဝန်ကြီးချုပ်တို့အကြား အုပ်ချုပ်ရေး အာဏာခွဲဝေကျင့်သုံးတဲ့ စနစ်ပါ။သို့သော် သမ္မတက အာဏာပိုအလေးကဲ ရယူကျင့်သုံးလေ့ရှိပါ တယ်။ ရုရှား၊ ပေါ်တူဂီ၊ သြစတြီးယား၊ သီရိလင်္ကာ၊ အီဂျစ်အပါအဝင် ကမ္ဘာ့နိုင်ငံ ၃၀ လောက်မှာ တဝက်တပျက်သမ္မတဦးဆောင် အစိုးရစနစ်ကိုကျင့်သုံးနေကြပါတယ်။ တဝက်တပျက် သမ္မတဦး ဆောင်အစိုးရစနစ်မှာ သမ္မတက နိုင်ငံရေးအာဏာပိုရှိတာမို့ သမ္မတကို လူထုကတိုက်ရိုက်မဲပေးရွေး ချယ်ပါတယ်။
ပုံမှန်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ နဲ့ ရုတ်တရက်ကျင်းပတဲ့ ရွေးကောက်ပွဲ
အထွေထွေရွေးကောက်ပွဲ – သတ်မှတ်ကာလအတိုင်း ပုံမှန်ကျင်းပတဲ့ ပါလီမန် အောက်လွှတ်တော် ရွေးကောက်ပွဲတွေကို အထွေထွေရွေးကောက်ပွဲ (general election)လို့ ခေါ်ပါတယ်။ သက်တမ်း မကုန်ခင် အောက်လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်လုပ်တာမျိုးလည်း ပါလီမန်ဒီမို ကရေစီအစိုးရစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ရှိပါတယ်။
ယူကေရဲ့ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့ပါတယ်။ ပုံမှန် အားဖြင့် လွှတ်တော်သက်တမ်း ၂၀၂၄ ဒီဇင်ဘာလမှာကုန်ပြီး အထွေထွေရွေးကောက်ပွဲသစ်ကို ၂၀၂၅ ဇန်နဝါရီမှ ကျင်းပဖို့ဖြစ်ပေမဲ့ ဝန်ကြီးချုပ်က လအနည်းငယ်စောကျင်းပဖို့ ဘုရင်ကိုတင်ပြလုပ်ဆောင် နိုင်တဲ့ အခွင့်အာဏာအရ စောပြီးကျင်းပတယ်ဆိုပေမဲ့ သာမန်အားဖြင့် ငါးနှစ်သက်တမ်းပြည့် ပုံမှန် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲပါ။
ရုတ်တရက်ကျင်းပတဲ့ ရွေးကောက်ပွဲ – ပြင်သစ်မှာ သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို နှစ်ခုခွဲ ကျင်းပပါတယ်။ လက်ရှိသမ္မတ မက်ကရွန်းရဲ့သက်တမ်းနဲ့ အောက်လွှတ်တော်(National Assembly) သက်တမ်းဟာ ၂၀၂၇ အထိရှိပါတယ်။ နောက်ထပ် သုံးနှစ်စီကျန်ပါသေးတယ်။ လွှတ်တော်ရွေး ကောက်ပွဲလုပ်ရမဲ့အချိန် မတန်သေးပါဘူး။ ဇွန် ၃၀ နဲ့ ဇူလိုင် ၇ ရက်မှာ ကျင်းပတဲ့ လွှတ်တော်ရွေး ကောက်ပွဲတွေဟာ သမ္မတမာကရွန်းရဲ့ လုပ်ပိုင်ခွင့်အာဏာအရ လွှတ်တော်ဖျက်သိမ်းပြီး ရုတ်တရက် ကျင်းပတဲ့ ရွေးကောက်ပွဲ (snap election) ပါ။ ဘာကြောင့်လုပ်ရတာလဲ မေးစရာ၊ တွေးစရာဖြစ်လာ ပါတယ်။ ဒီမေးခွန်းဟာ သမ္မတမာကရွန်းရဲ့ နိုင်ငံရေး အလောင်းအစား၊ နိုင်ငံရေးကစားကွက်နဲ့ တိုက် ရိုက်ပတ်သက်ပါတယ်။
သမ္မတမက်ကရွန်းရဲ့ နိုင်ငံရေး အလောင်းအစား – ဇွန်လဆန်းပိုင်းမှာ ဥရောပပါလီမန်အတွက် ရွေး ကောက်ပွဲတွေ ပြင်သစ်အပါအဝင် အီးယူနိုင်ငံတွေမှာ ကျင်းပခဲ့ပါတယ်။ သမ္မတမာကရွန်းရဲ့ အဓိက နိုင်ငံရေးပြိုင်ဖက် မာရီလီပန်း (Marine Le Pen) ဦးဆောင်တဲ့ လက်ယာစွန်းပါတီ National Rally က ပြင်သစ်အမတ်နေရာတွေမှာ အများဆုံးအနိုင်ရပါတယ်။ သမ္မတမာကရွန်းရဲ့ အလယ်အလတ် Ensemble Alliance မဟာမိတ်တွေက ဒုတိယနေရာမှာရှိတယ်ဆိုပေမဲ့ အပြတ်အသတ်ကွာနေတယ်။ ဥရောပပါလီမန်မှာ လက်ယာစွန်းပါတီအနိုင်ရတာဟာ သမ္မတမာကရွန်းရဲ့ ပြည်တွင်းနိုင်ငံရေးကို ကြီးကြီးမားမား မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ National Rally လက်ယာစွန်းတွေ ထပ်တိုး နေရာမရအောင် သမ္မတမာကရွန်း တားဆီးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် အစိုးရဖွဲ့ရာမှာ အဓိက ဖြစ်တဲ့ ပါလီမန်အောက်လွှတ်တော်(National Assembly)ကိုဖျက်သိမ်း၊ ရွေးကောက်ပွဲအသစ်ကျင်းပ၊ အဲဒီမှာ လက်ယာစွန်း National Rally လွှတ်တော်မှာ အများစုအနိုင်မရအောင် ကန့်ထားဖို့ဖြစ်ပါ တယ်။ မကန့်ထားနိုင်ယင်တော့ လက်ယာစွန်းအစိုးရပေါ်လာပြီး သမ္မတမာကရွန်းနဲ့ အာဏာခွဲဝေ ကျင့်သုံးတဲ့ အခြေအနေကို တွန်းပို့ ခံရပါလိမ့်မယ်။ နောက်သုံးနှစ်ကြာမှဖြစ်လို့ရတဲ့ ကိစ္စဟာ သမ္မတ မာကရွန်းရဲ့ နိုင်ငံရေးအလောင်းအစားကြောင့် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မဲ့ကိန်းပါ။ ဒါကြောင့် နိုင်ငံတ ကာမီဒီယာတွေက သမ္မတမာကရွန်းရဲ့ အန္တရာယ်များလှတဲ့ကစားကွက်လို့ ထောက်ပြတယ်။ သမ္မတ မာကရွန်းရဲ့ နိုင်ငံရေးအလောင်းအစား ကစားကွက်ကြောင့် ပြင်သစ်မှာ ရုတ်တရက်ကျင်းပတဲ့ ရွေး ကောက်ပွဲဖြစ်လာရတာပါ။ အဲဒီ နိုင်ငံရေးအလောင်းအစား ကစားကွက်မှာ သမ္မတ မာကရွန်း ဘယ်လို ကိုင်တွယ်ခဲ့လဲဆိုတာ အောက်မှာဆက်လက် ဖေါ်ပြပါမယ်။
မဲအများစု ရွေးချယ်တင်မြှောက်ပုံစနစ် နှစ်မျိုး
သာမန်မဲအများစုစနစ် – လွှတ်တော်အမတ်တွေရွေးချယ်ရာမှာ ကမ္ဘာမှာ ကျင့်သုံးများတဲ့ ရွေးချယ်တင် မြှောက်ပုံစနစ် (electoral system) တဒါဇင်ကျော် ရှိပါတယ်။ ယူကေနဲ့ ပြင်သစ်မှာကျင့်သုံးတဲ့ ရွေး ချယ်တင်မြှောက်ပုံစနစ်နှစ်ခုစလုံးဟာ မဲအများစုစနစ် (plurality/majority) အုပ်စုထဲမှာ ပါပါတယ်။ ဒါပေမဲ့ နှစ်ခုမတူပြန်ဘူး။ ယူကေမှာကျင့်သုံးတဲ့ ရွေးချယ်တင်မြှောက်ပုံစနစ်ကို သာမန် မဲအများစုစနစ် (simple majority system) သို့မဟုတ် အရင်ဆုံးပန်းဝင်သူနိုင်တဲ့ စနစ် (first past the post, FPTP) သို့မဟုတ် အနိုင်ရသူအကုန်ယူစနစ် (winner take all) လို့ ခေါ်ပါတယ်။ လွှတ်တော်အမတ် အရေ အတွက်နဲ့အညီအမျှ တနိုင်ငံလုံးမှာမဲဆန္ဒနယ် (constituency)တွေသတ်မှတ်ပြီး မဲဆန္ဒနယ်တခု ကိုယ်စားလှယ်တဦးရွေးချယ်ရတာမို့ FPTP နဲ့တွဲဖက်ကျင့်သုံးတဲ့ မဲဆန္ဒနယ်စနစ်ကို အနိမ့်ဆုံးဆင့် ကိုယ်စားလှယ်တဦး မဲဆန္ဒနယ် (district level single-member constituency)လို့ ခေါ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အိန္ဒိယ၊ မလေးရှားနဲ့ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၄၀ ကျော်မှာ ယူကေနဲ့ တပုံစံတည်း FPTP စနစ်ကို ကျင့်သုံးနေကြပါတယ်။
နှစ်ကြော့ပြန်မဲပေးစနစ် – ပြင်သစ်ရဲ့ သမ္မတရွေးချယ်ရာမှာကျင့်သုံးတဲ့ ရွေးချယ်တင်မြှောက်ပုံစနစ်နဲ့ အမတ်နေရာ ၅၇၇ နေရာရှိတဲ့ ပါလီမန်အောက်လွှတ်တော်(National Assembly)အမတ်တွေကို ရွေး ချယ်တဲ့စနစ်နှစ်မျိုးစလုံးဟာ နှစ်ကြော့ပြန်မဲပေးစနစ် (Two-Round System, TRS) ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ ရွေးချယ်တင်မြှောက်ပုံစနစ်အကြာင်း ဦးစွာတင်ပြပါမယ်။
မဲဆန္ဒရှင်တွေက ယှဥ်ပြိုင်အရွေးခံတဲ့ သမ္မတလောင်းတွေထဲက တဦးကို သမ္မတအဖြစ် ရွေးချယ်ရာမှာ တဦးဦးက လာပေးတဲ့ဆန္ဒမဲအားလုံးရဲ့ ထက်ဝက်ကျော် (၅၀% ကျော်)ရရင် သမ္မတအဖြစ် အရွေးခံရ ပါတယ်။ တကယ်လို့ ဘယ်သူမှ မဲထက်ဝက်ကျော်မရရင် မဲအများဆုံးရထားတဲ့ သမ္မတလောင်း နှစ်ဦး တည်းကို သီတင်းနှစ်ပတ်အကြာ ဒုတိယအကြော့ မဲပေးရွေးချယ်ရပါတယ်။ ဒုတိယအကြော့မှာ နှစ်ဦး ထဲကိုသာ မဲပေးရတာမို့ တဦးကတော့ သေချာပေါက် မဲ ၅၀ % ကျော်ရရှိပါတယ်။ အဲဒီသူက သမ္မတ အဖြစ် အရွေးခံရပါတယ်။ မဲအားလုံးရဲ့ ၅၀ % ကျော်ရအောင် လိုအပ်ရင် နှစ်ကြော့ပြန်မဲပေး ရွေးချယ် ရတဲ့စနစ်ပါ။ ၂၀၂၂ ခုနှစ်ကကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ပထမအကြော့မှာ အီမာနျူရယ်မာက ရွန်းက မဲ ၂၇.၉ %၊ မာရီလီပန်း (Marine Le Pen) က ၂၃.၂ % အသီးသီးရကြပါတယ်။ ဒုတိယအကြော့ မှာတော့ မာကရွန်းက ၅၈.၅ %၊ မာရီလီပန်းက ၄၁.၅ % သာရတာမို့ အီမာနျူရယ်မာကရွန်းက သမ္မတ အဖြစ် အရွေးခံရပါတယ်။ ပြင်သစ်သမ္မတရွေးချယ်တင်မြှောက်ပွဲမှာ မဲတွေကို တနိုင်ငံလုံးပေါင်းရေ တွက်ပြီး သမ္မတတဦးတည်းကိုသာရွေးရတာဖြစ်လို့ သမ္မတရွေးတဲ့မဲဆန္ဒနယ်စနစ်ကို တနိုင်ငံလုံး အတိုင်းအတာ ကိုယ်စားလှယ်တဦး မဲဆန္ဒနယ် (nationwide single-member constituency) လို့ ခေါ်ပါတယ်။
ပြင်သစ်သမ္မတရွေးချယ်တင်မြှောက်ပုံစနစ်နဲ့ နှိုင်းယှဥ်လေ့လာသင့်တဲ့စနစ်က ဖိလစ်ပိုင်သမ္မတရွေး ချယ်တင်မြှောက်ပုံစနစ်ပါ။ ဖိလစ်ပိုင်မှာက နှစ်ကြော့ပြန်မဲပေးတာမရှိဘဲ တကြော့တည်းနဲ့ မဲအများ ဆုံးရတဲ့သမ္မတလောင်းကို သမ္မတအဖြစ် တခါတည်းရွေးလိုက်ပါတယ်။ ၂၀၂၂ သမ္မတ ရွေးကောက် ပွဲမှာ မားကို့(စ)ဂျူနီယာ (Bongbong Marcos) က ၅၈.၇ % နဲ့ အရွေးခံရပါတယ်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲသမိုင်းမှာ မဲ ၅၀ % ကျော်ရတဲ့သမ္မတ အလွန်နည်းပါတယ်။ တချိန်က ထင်ပေါ် ကျော် ကြားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ဖီဒယ်ရာမို့(စ) (Fidel V. Ramos) ပင်လျှင် ၁၉၉၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ မဲ ၂၃.၅၈ % နဲ့ အရွေးခံရတာပါ။ ၁၉၉၈ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဇက် အက်စထရာဒါ (Joseph Estrada) ဟာလည်း မဲ ၃၉.၈၆ % နဲ့ အရွေးခံရတာပါ။ ပြင်သစ်သမ္မတရွေး ချယ်တင်မြှောက်ပုံစနစ်က “democracy means majority rule ဒီမိုကရေစီဆိုတာ လူအများစု ထောက်ခံမှုရရှိသူကသာ အုပ်ချုပ်တဲ့စနစ်” ဆိုတာကို မိမိရရအကောင်အထည် ဖေါ်ထားခြင်းဖြစ် ပါတယ်။
ပြင်သစ်အောက်လွှတ်တော်(National Assembly)ရွေးကောက်ပွဲမှာကျင့်သုံးတဲ့ ရွေးချယ်တင်မြှောက် ပုံစနစ်ဟာလည်း နှစ်ကြော့ပြန်မဲပေးစနစ်ဖြစ်ပြီး မဲဆန္ဒနယ်စနစ်ကတော့ အောက်ဆုံးအဆင့် ကိုယ် စားလှယ်တဦးမဲဆန္ဒနယ်ဖြစ်ပါတယ်။ အမတ်နေရာ ၅၇၇ နေရအတွက် မဲဆန္ဒနယ် ၅၇၇ သတ်မှတ်ပြီး မဲဆန္ဒနယ်တခု ကိုယ်စားလှယ်တဦး ရွေးချယ်ပေးရတာပါ။ မဲဆန္ဒနယ်စနစ်က ယူကေနဲ့တူပါတယ်။ ရွေးချယ်တင်မြှောက်ပုံစနစ်က ကွာပါတယ်။ ပြင်သစ်မှာက မဲဆန္ဒနယ်အလိုက် ပထမအကြာ့မှာ မဲလာပေးသူ အရေအတွက် (voters turnout) ရဲ့ ထက်ဝက်ကျော် မဲရတဲ့ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် သတ်မှတ်ပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းကမှ ထက်ဝက်ကျော်မဲ မရရင် မဲပေး ခွင့်ရသူ registered voters အားလုံးရဲ့ ၂၅ % အထက် ထောက်ခံမှုရတဲ့သူကို အနိုင်ရသူအဖြစ် သတ် မှတ်ပါတယ်။ ဒီနေရာမှာ မဲလာပေးသူအရေအတွက် voter turnout မဲပေးခွင့်ရသူ registered voters မတူတာကို သတိပြုပါ။ ပြင်သစ်မှာ ၂၀၂၄ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ registered voter ဟာ ၄၉.၅ သန်းရှိပါတယ်။ ဇွန်လ ၃၀ ရက် ပထမအကြော့မဲပေးပွဲမှာ မဲလာပေးသူ ၅၉ % ရှိပြီး ဒါဟာ ပြင်သစ်ရွေးကောက်ပွဲသမိုင်းမှာ အင်မတန်မြင့်မားတဲ့နှုန်းပါ။ ၂၀၂၂ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲတုံး က ၃၉ % ပဲ မဲပေးခဲ့တာပါ။ ဇူလိုင် ၇ ရက် ဒုတိယအကြော့ ရွေးကောက်ပွဲမှာတော့ ၆၀ % ကျော် မဲပေး ခဲ့တယ်။
ဥပမာ – မဲလာပေးသူ အရေအတွက် voter turnout ၅၀ % ရှိတယ်ဆိုပါစို့။ အဲဒီမှာ မဲလာပေးသူတွေရဲ့ ထက်ဝက် ၅၀ % ဆိုတဲ့ အရေအတွက်ဟာ သင်္ချာသဘောအရ တနည်းအားဖြင့် (မဲလာမပေးသူတွေ ကိုပါထည့်ပေါင်းရေတွက်တဲ့) မဲပေးခွင့်ရှိသူအားလုံးရဲ့ ၂၅ % သာဖြစ်တယ်ဆိုတာ သတိချပ်ဖို့လိုပါ မယ်။ ဒါကြောင့် မဲပေးခွင့်ရှိသူ registered voters တွေရဲ့ ၂၅ % ဆိုတာ ဒီဥပမာအရ မဲလာပေးသူ အရေအတွက် voter turnout ၅၀% နဲ့ ညီမျှတဲ့ အရေအတွက်ပါ။ ဒါကြောင့် မဲလာပေးသူအရေ အတွက်ရဲ့ ၅၀ % ကျော် ဘယ်သူမှမရရင် မဲပေးခွင့်ရှိသူ registered voters ရဲ့ ၂၅ % ကျော်ရသူကို ရွေးတာပါ။ အဲဒါက ပထမအကြော့ ရွေးကောက်ပွဲအတွက်ပါ။ ဇွန်လ ၃၀ ရက်က ကျင်းပခဲ့တဲ့ ပထမ အကြော့ ရွေးကောက်ပွဲမှာ အဲဒီ အရည်အချင်း နှစ်မျိုးထဲက တမျိုးမျိုးနဲ့ ပြည့်မှီပြီး အရွေးခံထားရတဲ့ လွှတ်တော်အမတ် မဲဆန္ဒနယ် ၇၆ ခုမှာသာရှိတာမို့ ကျန်အမတ် ၅၀၁ ဦးကို ရွေးချယ်ဖို့ ဇူလိုင် ၇ ရက်က မဲဆန္ဒနယ် ၅၀၁ ခုမှာ ဒုတိယအကြော့ ရွေးကောက်ပွဲကျင်းပခဲ့တာပါ။
ဒုတိယအကြော့မှာ ပထမအကြော့တုံးက မဲအများဆုံးရထားသူနှစ်ဦးနဲ့ မဲပေးခွင့်ရှိသူ registered voters ရဲ့ မဲ ၁၂.၅ % ရထားတဲ့ ကိုယ်စားလှယ်လောင်း(တွေ)ပါ အရွေးခံခွင့်ရှိပါတယ်။ ဒါကြောင့် ဒုတိယအကြော့ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းအရေအတွက်ဟာ သမ္မတ ရွေးကောက်ပွဲ ဒုတိယအကြော့မှာလို နှစ်ဦးတည်းမဟုတ်ဘဲ သုံး-လေး-ငါး ဦး ဖြစ်နေနိုင်တယ်။ ဒါကြောင့် လွှတ်တော်ဒုတိယအကြော့ရွေးကောက်ပွဲမှာ မဲလာပေးသူတွေ voter turnout ရဲ့ ၅၀ % ကျော်ထောက်ခံမှုဆိုတဲ့ ကန့်သတ်ချက်ကိုဖယ်ရှားထားပြီး မဲအများဆုံးရသူကို ရွေးရမယ်လို့ သတ်မှတ် ထားတယ်။
National Rally ကို ကန့်ဖို့ သမ္မတမာကရွန်း ဘယ်လိုလုပ်ခဲ့လဲ
သမ္မတမက်ကရွန်းရဲ့ အလယ်အလတ် မဟာမိတ် Ensemble Alliance နဲ့ လက်ဝဲမဟာမိတ် Popular Front တို့ နားလည်မှုယူပြီး အုပ်စုနှစ်ခုပေါင်းကာ ယာယီမဟာမိတ် Republican Front ဆိုတာကိုဖွဲ့ပြီး ဒုတိယအကြော့ ရွေးကောက်ပွဲမှာ National Rally ပါတီကို တားဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ဒီအတွက် ဒုတိယ၊ တတိယ၊ စတုတ္ထ နေရာတွေမှာရှိတဲ့ Republican Front မဟာမိတ်အုပ်စုထဲက ကိုယ်စား လှယ်လောင်းတွေ အချင်းချင်းညှိနှိုင်းပြီး ကိုယ်စားလှယ်လောင်းတဦးတည်းသာ မဲဆန္ဒနယ်တခုချင်းစီ မှာဝင်အရွေးခံခဲ့တယ်။ ကျန်တဲ့သူတွေက ကိုယ်စားလှယ်လောင်းကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒုတိယ အကြော့ရွေးကောက်ပွဲမှာ Popular Front ဖက်က ကိုယ်စားလှယ် ၁၃၀ နဲ့ သမ္မတ မာကရွန်းရဲ့ Ensemble Alliance ဖက်က ကိုယ်စားလှယ် ၈၂ ဦးနှုတ်ထွက်ခဲ့တယ်လို့ La Monde သတင်းမှာ ဖေါ်ပြ ပါတယ်။
တကယ်လို့သာ Republican Front ပါတီတွေက ကိုယ်စားလှယ်တွေ မနှုတ်ထွက်ဘဲ အားလုံး ဝင်အရွေးခံရင် မဲတွေပြန့်ကြဲနေပြီး National Rally ကိုယ်စားလှယ်လောင်းက မဲအများဆုံးရကာ အရွေးခံရနိုင်တယ်။ ပထမအကြော့ရွေးကောက်ပွဲမှာ National Rally ပါတီဟာ မဲ ၃၃ % ထောက်ခံ မှုရခဲ့ပြီး၊ အဲဒီထောက်ခံမှုဟာ အစိုင်အခဲ solid ဖြစ်ပါတယ်။ ၆၇ % သော မဲဆန္ဒရှင်တွေက Republican Front ဘက်က ပါတီပေါင်းစုံကို ထောက်ခံသူတွေပါ။ အဲဒီသူတွေရဲ့ မဲက Republican Front က တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းတဦးတည်းကို ဒုတိယအကြော့မှာ တစုတစည်းတည်း စုပုံမဲပေးပြီး National Rally ကိုယ်စားလှယ်လောင်းကို အနိုင်ယူခဲ့တာဖြစ်တယ်။ သမ္မတ မက်ကရွန်း ရဲ့ နိုင်ငံရေးအလောင်းအစားကစားကွက် အောင်မြင်ခဲ့တယ် ဆိုရမယ်။
လက်ဝဲ၊ လက်ယာရဲ့အစ ပြင်သစ်တော်လှန်ရေးက
အခုပြင်သစ်ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြောနေကြတဲ့ လက်ဝဲ၊ လက်ယာ၊ လက်ယာစွန်းဆိုတဲ့ နိုင်ငံရေး အတွေးအခေါ် ရောင်စဥ်တန်း (political ideology spectrum) သတ်မှတ်မှုဟာ ပြင်သစ်တော်လှန် ရေးက စတင်ခဲ့တယ်။
ပြင်သစ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့အုပ်ချုပ်နေတဲ့ လူဝီဘုရင် ၁၆ (Louis XVI, 1754-1793) ဟာ ပြု ပြင်ပြောင်းလဲရေးလုပ်ဖို့နောက်ကျတဲ့အတွက် တော်လှန်ရေးသမားတွေရဲ့ ဖယ်ရှားတာကို ခံရတယ်။ ဒါဟာ အင်္ဂလန်နဲ့ ကွားခြားတဲ့အချက်ပါ။ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မေလမှာ စတင်ပါတယ်။ ၁၇၈၉ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပဲရစ်မြို့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဘာစတီးအကျဉ်းထောင်ကြီး (Bastille) (မြန်မာနိုင်ငံက အင်းစိန်ထောင်လိုမျိုး) ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဘာစတီးအကျဉ်း ထောင်သိမ်းပိုက်နိုင်မှုဟာ ပြင်သစ်တော်လှန်ရေးရဲ့ အထင်ကရအောင်မြင်မှုဖြစ်တဲ့အတွက် ဇူလိုင်လ ၁၄ ရက်ကို ပြင်သစ်အမျိုးသားနေ့အဖြစ် ဂုဏ်ပြုလာခဲ့ပါတယ်။ လူဝီဘုရင် ၁၆ ကို ၁၇၉၃ ခုနှစ် ဇန်န ဝါရီလ ၂၁ ရက်နေ့မှာ တော်လှန်ရေးသမားတွေက ကွပ်မျက်လိုက်တယ်။ နိုင်ငံရေးအပြောင်း အလဲတွေ ကို ၁၇၉၉ အထိ ၁၀ နှစ် ဆက်တိုက်ပြုလုပ်ခဲ့လို့ ၁၇၈၉-၁၇၉၉ ကာလတခုလုံးကို ပြင်သစ် တော်လှန်ရေးကာလလို့ သတ်မှတ်တယ်။ ပြင်သစ်တော်လှန်ရေးရဲ့ အထင်ရှားဆုံး နိုင်ငံရေးဖြစ်ထွန်း မှုတွေထဲမှာ ၁၇၈၉ သြဂုတ်လမှာ ပြင်သစ်လူ့အခွင့် အရေးကြေညာစာတမ်း (Declaration of Rights of Man and of the Citizen) ကြေညာခြင်းနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်အစား ပြည်သူလူထုရွေးချယ် တင်မြှောက်တဲ့ သမ္မတကအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတော်စနစ် (republic) ကို ၁၇၉၂ ခုနှစ်မှာ စတင် ကျင့်သုံးခဲ့ခြင်းတွေ ပါဝင်တယ်။
ပြင်သစ်တော်လှန်ရေးဟာ လူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ကွာဟမှုတွေကို လက်မခံနိုင်တော့လို့ ဖြစ်ရ တဲ့ လူထုအုံကြွတော်လှန်တဲ့ တော်လှန်ရေးပါ။ လူထုရဲ့ ခံစားချက်တွေထဲမှာ ငါတို့ဟာ ပြင်သစ်နိုင်ငံ သားတွေဆိုတဲ့ အမျိုးသားရေးခံယူချက်၊ အုပ်ချုပ်သူလူတန်းစားကချယ်လှယ်တာကို မခံချင်တဲ့ ခံယူ ချက်၊ လူတိုင်း တန်းတူလွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့ ခံယူချက်၊ စတာတွေအပေါ်အခြေခံဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အတွေးအခေါ်သစ်တွေ ပေါ်လာသလို၊ နဂိုရှိရင်းစွဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ကာကွယ် လို သူ ရှေးရိုးစွဲနဲ့ ခွင့်ထူးခံတွေကလည်း လက်ရှိစနစ်ကကောင်းကြောင်း ပြန်လည်တင်ပြလာကြတယ်။ ဒီလိုနဲ့ နိုင်ငံရေးအတွေးအခေါ်မျိုးစုံ ပြင်သစ်တော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့ပါတယ်။ အဲဒီ နိုင်ငံရေးအတွေးအခေါ်တွေထဲမှာ ပြင်သစ်အမျိုးသားရေးဝါဒ (nationalism)၊ လူမှုအဆင့်အတန်း ကွာ ဟာမှုကိုလက်မခံနိုင်လို့ တော်လှန်ရေးနဲ့တဟုန်ထိုးပြောင်းလဲချင်တဲ့ ဆိုရှယ်လစ်ဝါဒ (socialism)၊ ရှိရင်းစွဲကို ထိမ်းသိမ်းလိုတဲ့ ကွန်ဆာဗေးတစ်ဝါဒ (conservatism)၊ လူတစ်ဦးချင်း အခွင့်အရေးကို ဦးစားပေးတဲ့ လစ်ဘရယ်ဝါဒ (liberalism) တွေပါဝင်တယ်။ အဲဒီ နိုင်ငံရေးအတွေးအခေါ်တွေ ပြင်သစ် တော်လှန်ရေးနောက်ပိုင်းမှာ ပိုမိုအားကောင်းလာတယ်။ ပြင်သစ်တော်လှန်ရေးဟာ နိုင်ငံရေးအတွေး အခေါ်မျိုးစုံကို မွေးဖွားပေးရုံသာမက ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲအတွက်ပါ လမ်း ကြောင်းဖေါ်ပေးခဲ့တဲ့ တော်လှန်ရေးအဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်း အတင်ခံရတယ်။
ပြင်သစ်တော်လှန်ရေးကာလအတွင်းကျင်းပတဲ့ ပြင်သစ်အမျိုးသားလွှတ်တော်ထဲမှာ ဘုရင်စနစ်ကို ထောက်ခံသူ တနည်းအားဖြင့် အပြောင်းအလဲမလုပ်လိုသူ၊ ပိုနေမြဲကြားနေမြဲစနစ်ကို ထောက်ခံသူ တွေက လွှတ်တော်ရဲ့ညာဖက်ခြမ်းထိုင်ခုံတွေမှာ နေရာယူတယ်။ တော်လှန်ရေးကို လိုလားသူတွေ၊ အပြောင်းအလဲလုပ်လိုသူတွေက လက်ဝဲဘက်ခြမ်း ထိုင်ခုံတွေမှာ နေရာယူတယ်။ အဲဒီနေရာယူမှုကို အကြောင်းပြုပြီး အဲဒီအချိန်ကတည်းက အယူအဆသစ်နဲ့ အပြောင်းအလဲလိုလားတဲ့ တော်လှန်ရေး သမားတွေကို လက်ဝဲနိုင်ငံရေးအယူဝါဒရှိသူများ (leftists) လို့ သတ်မှတ်ပြီး၊ ပိုနေမြဲကြားနေမြဲစနစ်ကို လိုလားသူ နိုင်ငံရေးသမားတွေကို လက်ယာနိုင်ငံရေးအယူဝါဒရှိသူများ (rightists) အဖြစ် သတ်မှတ် လိုက်ကြတယ်။ နောက်ပိုင်းမှာ နိုင်ငံရေး အတွေးအခေါ်မျိုးစုံးကို လက်ဝဲအစွန်း (far left) လက်ဝဲ (left)၊ လက်ယာအစွန်း (far right)၊ လက်ယာ (right)၊ လက်ဝဲ လက်ယာ မယိမ်းတဲ့ အလယ် (center)၊ လက်ဝဲယိမ်းတဲ့ အလယ် (center left)၊ လက်ယာယိမ်းတဲ့ အလယ် (center right) စသဖြင့် အမျိုးမျိုး သတ်မှတ်လာတယ်။
အခုအခါ ကမ္ဘာမှာ အဓိကကျတဲ့ နိုင်ငံရေးအတွေးအခေါ် တဒါဇင်ထက်မနည်းရှိပါတယ်။ ကွန်မြူနစ်/ ဆိုရှယ်လစ်ဝါဒ (communism/ socialism)၊ ကွန်ဆာဗေးတစ်ဝါဒ (conservatism)၊ လစ်ဘရယ်ဝါဒ (liberalism)၊ အမျိုးသားရေးဝါဒ (nationalism)၊ ဖက်ဆစ်ဝါဒ (fascism)၊ ဘာသာရေးအခြေခံဝါဒ (fundamentalism)၊ ဣိတ္တိယဝါဒ (feminism)၊ သဘာ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝါဒ (environmentalism) တွေပါဝင်တယ်။ အချို့သော နိုင်ငံရေးအတွေးအခေါ်တွေက လူတစ်ဦးချင်း အခွင့်အရေးကို အလေးပေးတာမို့ အဲဒါတွေကို ဧကဝုဒ်ဝါဒ (individualism) လို့ သတ်မှတ်ပါတယ်။ ကွန်ဆာဗေးတစ်ဝါဒ၊ လစ်ဘရယ်ဝါဒတွေဟာ လူတဦးချင်း အခွင့်အရေးကို ဦးစားပေးတဲ့ ဧကဝုဒ် ဝါဒတွေ ဖြစ်တယ်။ အချို့နိုင်ငံရေးအတွေးအခေါ်တွေက အုပ်စုလိုက်၊ လူအများကို အခြေခံတာမို့ ဗဟုဝုဒ်ဝါဒ (collectivism) တွေအဖြစ်သတ်မှတ်တယ်။ ဆိုရှယ်လစ်ဝါဒ၊ အမျိုးသားရေးဝါဒ စတာ တွေဟာ လူတန်းစား အလွှာကြီးတခုလုံး၊ လူမျိုးတမျိုးလုံး ကိစ္စတွေကို အခြေခံတဲ့ ဗဟုဝုဒ်ဝါဒ တွေဖြစ်တယ်။
ယနေ့ ပြင်သစ်နိုင်ငံရေးထဲက လက်ဝဲ၊ လက်ယာ ရောင်စဥ်တန်း
လက်ယာစွန်းလို့ သတ်မှတ်ခံထားရတဲ့ National Rally ပါတီကို ဟန့်တားဖို့အတွက် ယာယီဖွဲ့စည်း ထားတဲ့မဟာမိတ်အဖွဲ့ကို Republican Front လို့ နာမည်ပေးထားတာကိုထောက်ရင် ပြင်သစ်တော် လှန်ရေးကို ပြန်သတိပေးသလို ဖြစ်နေတယ်။ ပြင်သစ်တော်လှန်ရေးက ရှေးရိုးစွဲ လက်ယာဝါဒီတွေကို တော်လှန်ပြီး သမ္မတနိုင်ငံစနစ် (republic) ဆိုတာကို ဖေါ်ဆောင်ခဲ့တာကိုရည်ရွယ်ပြီး Republican Front လို့ ခေါ်တာဖြစ်တယ်။ တခါ Republican Front ကို ပြန်သရုပ်ခွဲရင် သမ္မတမက်ကရွန်းရဲ့ အလယ်အလတ်လမ်းစဥ်လိုက်တဲ့ မဟာမိတ်အုပ်စုနဲ့ လက်ဝဲယိမ်း အလယ်၊ လက်ဝဲ၊ လက်ဝဲစွန်း ပေါင်း စုံလို့ပါနေတာတွေ့နိုင်တယ်။ လက်ယာစွန်းအန္တရာယ်ကိုတားဆီးဖို့ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ဟာ လည်း သာမန်အခြေအနေမှာ နိုင်ငံရေးအရ အတိုက်အခံဖြစ်နေကြတဲ့ လက်ဝဲ၊ လက်ယာ စုံလင်လှတဲ့ နိုင်ငံရေးအတွေးအခေါ်ရောင်စဥ်တန်းကြီးတခု ဖြစ်လို့နေပါတယ်။



