မဇ္ဈိမ ။ ။ ကြားကာလ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ရှုပ်ထွေးလှသည့် ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် နည်းပညာကျွမ်းကျင်သူများက ထိုင်း- မြန်မာနယ်စပ်တွင် ငါး ရက်ကြာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲကို Institute for Peace and Social Justice (IPSJ) က ကမကထပြု၍ ဧပြီလ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့မှ ကိုယ်စားလှယ် ၃၆ ဦး တက်ရောက်ခဲ့ကြောင်း IPSJ ထံမှ သိရသည်။
ဆွေးနွေးပွဲတွင် ကြားကာလအုပ်ချုပ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း၊ အာဏာခွဲဝေမှုနှင့် ဥပဒေပြုရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု၊ ဒေသန္တရအုပ်ချုပ်ရေး၊ သယံဇာတစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး စသည့် ကဏ္ဍစုံကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
နိုင်ငံပြိုကွဲပျက်စီးခြင်းကို တုံ့ပြန်နိုင်ရန် အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom-up Federalism) ကို အလေးထား ဆောင်ရွက်သွားကြရန်နှင့် ဖက်ဒရယ်ယူနစ်များ လက်တွေ့ရှင်သန် အောင်မြင်စေရန် ရည်ရွယ်ကြောင်း IPSJ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။
“ဒီအလုပ်ရုံဆွေးနွေးပွဲဟာ သီအိုရီတွေအကြောင်း ဆွေးနွေးခြင်းသက်သက် မဟုတ်ပါဘူး၊ ပေါ်ထွန်းလာတဲ့ ကျွန် တော်တို့ရဲ့ ဖက်ဒရယ်ယူနစ်တွေ လက်တွေ့ရှင်သန်ဖို့နဲ့ အောင်မြင်ဖို့အတွက် အဓိကထား ဆွေးနွေးတာဖြစ်ပါ တယ်” ဟု ဒေါက်တာသောင်းထွန်းက ထုတ်ပြန်ချက်တွင် ပြောထားသည်။
အထူးသဖြင့် တော်လှန်ရေးကာလအတွင်း ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများ၏ တရားဝင်မှု၊ အဂတိကင်းစင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့မှာ ပြည်သူလူထု၏ ယုံကြည်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နယ်မြေစိုးမိုးမှုများ ပိုမိုရရှိလာသည်နှင့်အမျှ လက်နက်ကိုင်အဖွဲ့များကို စနစ်တကျ ကွပ်ကဲရန်နှင့် စစ်တပ်အပေါ် အရပ်ဘက်အုပ်ချုပ်ရေးက လွှမ်းမိုးမှုရှိရန် လိုအပ်သည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
စာတည်း။ ။ နောင်နောင်
Original Post: https://bur.mizzima.com/2026/04/24/88589


