မဇ္ဈိမ ။ ။ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတရေးအင်စတီကျု (IPSJ) သည် ဧရာဝတီဖက်ဒရယ်ယူနစ်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်း–မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ပြည်နယ်အဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း IPSJ က ထုတ်ပြန်သည်။
ဇွန်လိုင်လ ၉ ရက်
Click here to view original link : https://www.facebook.com/share/p/1EBYQbhm2C/
ဆွေးနွေးပွဲတွင် ဧရာဝတီ ကြားကာလအစီအမံ ရေးဆွဲရေးကော်မတီဝင် ၄၁ ဦး တက်ရောက်ခဲ့ပြီး မကွေး၊ စစ်ကိုင်းနှင့် မန္တလေး ဖက်ဒရယ်ယူနစ်များမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကာ ယူနစ်အချင်းချင်း အတွေ့အကြုံနှင့် သင်ခန်းစာများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
IPSJ ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ယခုဆွေးနွေးပွဲသည် စည်းလုံးညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသည့် မှတ်တိုင်တခုဖြစ်ပြီး ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အားလုံးပါဝင်နိုင်သည့် ပြည်နယ်အင်စတီကျူးရှင်းများ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
ဆွေးနွေးပွဲ၏ ပထမနေ့တွင် ဦးချမ်းမြေ့ ရေးသားပြုစုထားသည့် ‘ပွင့်လင်းမြင်သာသော ဥပဒေပြုရေး လက်စွဲစာအုပ်’ ကို မိတ်ဆက်ဖြန့်ချိခဲ့ပြီး အဆိုပါစာအုပ်သည် ကြားကာလအခြေခံဥပဒေ ရေးဆွဲရေးကော်မတီများအတွက် ရည်ညွှန်းအသုံးပြုနိုင်သည့် အထောက်အကူပြုစာအုပ်တအုပ် ဖြစ်လာမည်ဟု IPSJ က ဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲအတွင်း ဧရာဝတီ ကြားကာလအစီအမံ မူကြမ်းများကို ပြန်လည်သုံးသပ်ခြင်း၊ ပြည်နယ်လွှတ်တော်နှင့် အစိုးရဖွဲ့စည်းပုံပုံစံများ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်အဆင့် တရားစီရင်ရေးစနစ်၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံးနေ့တွင် ဧရာဝတီဖက်ဒရယ်ယူနစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်၏ ကျန်ရှိသည့် အဆင့်များနှင့် IPSJ က ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှ ဇွန်လ ၂၆ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်





