This news was published by Mizzima Media on February 22, 2026.
စာတည်း။ ။ နောင်နောင်
မဇ္ဈိမ ။ ။ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ (IPSJ) နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) တို့ ပူးပေါင်း၍ အနာဂတ်မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအတွက် ခိုင်မာသောဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အုတ်မြစ်တခုတည်ဆောက်ရန် ရည်ရွယ်သည့် အဆင့်မြင့်ဖက်ဒရယ်စနစ်သင်တန်းကို ထိုင်း–မြန်မာနယ်စပ်တနေရာတွင် ငါးရက်ကြာကျင်းပခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
Original Post – https://bur.mizzima.com/2026/02/22/82745
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အရာရှိများ၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ CDM တရားသူကြီးများ၊ ရှေ့နေများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ အပါအဝင် စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြောင်းဆို သည်။
အထူးသဖြင့် ဖက်ဒရယ်ယူနစ်များတွင် ကြားကာလဥပဒေများရေးဆွဲရန် တာဝန်ပေးအပ်ခြင်းခံရသည့် ကော်မရှင်အဖွဲ့ဝင်များလည်း ယခုသင်တန်းတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။
IPSJ ၏ အကြီးတန်း အမှုဆောင်နှင့် သင်တန်းဦးဆောင်သူ ဦးကျော်ကျော်က “ဒါဟာ စာသင်ခန်း လေ့ကျင့်ခန်းသက်သက်မဟုတ်ဘဲ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်မဲ့သူတွေအတွက် အလုပ်ရုံဆွေးနွေးပွဲတခုဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင် ပြောထားသည်။
ယခုသင်တန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် စစ်ကော်မရှင်တပ်၏ ‘အတုအယောင်’ ရွေးကောက်ပွဲများကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း ပိုမိုရှုပ်ထွေးလာချိန်တွင် မြန်မာနိုင်ငံနှင့် သင့်တော်မည့် ဖက်ဒရယ်စနစ်အပေါ် ကျယ်ပြန့်သော သဘောတူညီမှုများရရှိရန် ရည်ရွယ်ခြင်းဖြစ် ကြောင်းဆိုသည်။
သင်တန်းတွင် အခြေခံသီအိုရီများထက် ကျော်လွန်၍ အာဏာခွဲဝေမှု၊ ဥပဒေပြုရေး၊ အစိုးရစနစ်၊ တရားစီရင်ရေးလွတ်လပ်မှုနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ၁၉၉၄ ခုနှစ် မာနယ်ပလောအခြေခံမူများမှ ယနေ့ခေတ် ကြားကာလမူဘောင်များအထိ သမိုင်းကြောင်းများကို နှိုင်းယှဉ်လေ့လာခြင်း၊ လက်ရှိဖက်ဒရယ်ဒီမိုကရေစီနိုင်ငံများ၏ ပုံစံများကိုလေ့လာခြင်းနှင့် ရွေးကောက်ပွဲစနစ်များက ဖက်ဒရယ်စနစ်တည်ငြိမ်မှုအပေါ် သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ ပါဝင်ကြောင်း ဆိုသည်။
သယံဇာတစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ တရားမျှတမှုအတွက် မဟာဗျူဟာများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းဆိုသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်းက “စစ်တပ်က နိုင်ငံရေးအာဏာကို ဘယ်တော့မှတဦးတည်းလက်ဝါးကြီးအုပ်လို့ မရတော့ဘူးဆိုတာကို အာမခံနိုင်မယ့် အနာဂတ်ပုံစံတွေကို ဖော်ဆောင်နေကြတာဖြစ်တယ်” ဟု ကြေညာချက်တွင် ပြောထားသည်။
ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ (IPSJ) နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) တို့သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေသည့် ရှေ့ပြေးဥပဒေဆိုင်ရာ အကြံပေးအဖွဲ့များဖြစ်ကြပြီး မူဝါဒဆိုင်ရာ သုတေသနပြုခြင်း၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းများမှတဆင့် ဒီမိုကရေစီအုပ်ချုပ်ရေး၊ လူ့အခွင့်အရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုများကို ပူးပေါင်းဖော်ဆောင်ပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။
Tagged BLC, IPSJ, MizzimaBurmeseNews, မဇ္ဈိမသတင်းဌာန, အဆင့်မြင့်ဖက်ဒရယ်စနစ်, အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု





