ခင်မောင်ဝင်း Institute for Peace and Social Justice
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပါဘရီကန်တွေ အမေရိကန် ပြည်ထောင်စု လွှတ်တော်နှစ်ရပ်မှာ လွှတ်းမိုးထားမှု အဆုံးသတ်သွားပါပြီ။ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ အပြတ်အသတ်အနိုင်ရလို့ လွှတ်တော် ဥက္ကဌ နေရာကို ဒီမိုကရက်ဖက်က ပြန်ယူ ပါလိမ့်မယ်။ အထက်လွှတ်တော် သဘာပတိအဖြစ် ဒုသမ္မတ JD Vance က ဆက်ရှိနေပမဲ့ သာမန် အခြေအေနမှာ မဲပေးခွင့်မရှိပါ။ မဲ နှစ်ဖက်တူနေတဲ့ အခါမှသာ ဒုသမ္မတက အဆုံးအဖြစ်မဲကို ပေး ခွင့်ရှိပါတယ်။ အခုတော့ ဒီမိုကရက်က အထက်လွှတ်တော်မှာလည်း အပြတ်အသတ်နိုင်ထားတာမို့ အထက်လွှတ်တော်မှာ ဒုသမ္မတ အနေနနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိပါ။
ဒီမိုကရက်တွေ ထင်ထားတာထက်တောင် ပိုအနိုင်ရခဲ့တယ်။ ဒါဆို ဒီမိုကရက်တွေ နိုင်ငံရေးအသာ စီးရပြီပေါ့လို့တော့ တွက်လို့မရပါ။ သမ္မတ ဒေါ်နယ် ထရန့် အနေနဲ့ အခြေခံဥပဒေက ပေးအပ်ထား တဲ့ အခွင့်အာဏာကို ကျင့်သု့းပြီး ဒီမိုကရက်တွေကို ကန့်ထားလို့ရတဲ့ လုပ်ပိုင်ခွင့် ရှိပါသေးတယ်။ ဒါပေမဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင်က လုပ်ခဲ့တာမျိုးတော့ လုပ်ခွင့်မရတော့ဘူး။ အဲဒီ အချက်ကိုတော့ အများက တွက်ချက်ထားပြီးသားပါ။ သက်တမ်းဝက် ရွေးကောက်ပွဲအလွန် အများဆုံးဖြစ်နိုင် ချေသုံးခုအကြောင်း အမေရိကန် ဥပဒေတွေကို အခြေခံပြီး ဆွေးနွေးတင်ပြ ပါချင်ပါတယ်။
၁။ သမ္မတ ဗီတိုအာဏာ သုံးခြင်း
အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တွေထိမ်းချုပ်နိုင်လို့ သူတို့ အတည်ပြု ပြဌာန်းချင်တဲ့ ဥပေဒေတွကို အ တည်ပြုခွင့်တော့ ရပါတယ်။ အဲဒီဥပဒေတွေကို သမ္မတ ထရန့် က ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါ တယ်။ ဒါက သမ္မတတွေကို အခြေခံဥပဒေက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလုပ်ဆောင် တာပါ။ သမ္မတ ဗီတိုအာဏာနဲ့ ပယ်ချလိုက်တဲ့ ဥပဒေကို ပြန်အတည်ပြုဖို့ဆိုယင် လွှတ်တော် နှစ်ရပ် စလုံးက သုံးပုံ နှစ်ပုံမဲနဲ့ နောက်တစ်ကြိမ် ထပ်မံအတည်ပြုဖို့ လိုပါတယ်။ ဒီမိုကရက်တွေ အပြတ် အသတ်အနိုင်ရတယ်ဆိုပေမဲ့ သုံးပုံနှစ်ပုံ အထိ အနိုင်ရထားတာမျိုး မဟုတ်တော့ သမ္မတရဲ့ ဗီတို အာဏာကို မကျော်နိုင်သေးလို့ စိတ်တိုင်းကျ ဥပဒေ ပြဌာန်းခွင့်တော့ မရသေးပါ။
၂။ ဒီမိုကရက်တွေရဲ့ ဘတ်ဂျက်ထိမ်းချုပ်ခွင့်
တခြားဥပဒေတွေအတည်မပြုနိုင်လို့ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းစရာ အကြောင်းမရှိပါ။ အစိုးရ အသုံးစရိတ် Budget Bill ကို အတည်မပြုနိုင်ယင် အစိုးရက အသုံးပြုနိုင်မဲ့ ဘတ်ဂျက် မရှိတာ ကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒါမျိုး မကြာခန ဖြစ်လေ့ရှိတယ်။
Budget bill ကို ကိုယ်စားလှယ် ၄၃၅ ဦးရှိတဲ့ အောက်လွှတ်တော်မှာ သာမန်မဲအများစု ၂၁၈ မဲနဲ့ အတည်ပြုနိုင်ပါတယ်။ ဒီမိုကရက်တွေက အဲဒီမဲအေရအတွက်ထက် သာလွန်အနိုင်ရထားတာမို့ အောက်လွတ်တော်မှာ အလွယ်တကူ အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်မှာ အ တည်ပြုယင်တော့ ၆၀ % ထောက်ခံမှု တနည်း လွှတ်တော်အမတ် ၁၀၀ မှာ ၆၀ ထောက်ခံဖို့ လိုပါတယ်။ ဒီမိုရက်တွေ အထက်လွှတ်တော်မှာ အနိုင်ရတာက ၆၀ % မပြည့်သေးတာမို့ ရီပါဘရီကန်ဖက်က ထောက်ခံမှု လိုအပ်ပါတယ်။ လိုအပ်နေတဲ့ ထောက်ခံမှုကို ရီပါဘရီကန်တွေ မပေးလို့ မဖြစ်ပါ၊ ဘာကြောင့်လဲဆိုတော့ အစိုးရက ရီပါဘရီကန် ဖြစ်နေတော့ Budget bill ကို မထောက်ခံလို့ အစိုးရအသုံးစရိတ်မရှိပဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားယင် သူတို့အစိုးရကို သူတို့ ပြန်ဒဏ်ခတ်သလို ဖြစ်နေပါလိမ့်မယ်။ Budget bill အတွက် ဆီးနိတ်လွှတ်တော်မှာ ၆၀ % ထောက်ခံမှု သတ်မှတ်ချက်ဟာ Budget bill ကို ပါတီနှစ်ခုစလုံးရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခြင်း Bipartisan ဖြစ်အောင် စီမံထားတဲ့အချက်ပါ။
သမ္မတ ဒေါနယ် ထရန့် လုပ်ခဲ့တဲ့ လူကြိုက်မများတဲ့ အလုပ်မှန်သမျှ ဘတ်ဂျက် ကန့်သတ်ခံရ နိုင်တယ်။ စစ်အသုံးစရိတ်တွေ လျှော့ချနိုင်တယ်။ လူဖမ်းပွဲလုပ်နေတဲ့ ICE ဘတ်ဂျက်တွေ ဖြတ် တောက် ခံရနိုင်တယ်။ ယူကရိန်းကို ပိုပြီး အကူအညီပေးလာနိုင်တယ်။ အမေရိကန် ကမ္ဘာမှာ ပြန်လည်ဦးဆောင်မှုယူနိုင်မဲ့ နိုင်ငံတကာ အကူအညီကိစ္စတွေ ပြန်လည် အာရုံစိုက်လာနိုင်တယ်။ Budget bill နဲ့ ပတ်သက်လို့ သေချာတဲ့အချက်ကတော့ ဒီမိုကရက်တွေ စိတ်တိုင်းကျ ထိမ်းချုပ်ခွင့် ရသွားတာပါ။
၃။ Subpoena ဆင့်ခေါ် မေမြန်း စစ်ဆေးမှုတွေများမယ်
အမေရိကန် ကွန်ဂရက်လွှတ်တော် အနေနဲ့ သက်ဆိုင်သူတွေကို ဆင့်ခေါပြီး မေးခွန်းထုတ် စစ်ဆေးတဲ့ လွှတ်တော် ကြားနာပွဲများ (Congressional Hearings) လုပ်နိုင်ပါတယ်။ အဲဒီ အာဏာကို စောင့်ကြည့် ထိန်းကျောင်းခွင့် အာဏာ (Oversight Power) လို့ ခေါ်ပါတယ်။ လွဝ်တော် ကော်မတီတွေက ဦးဆောင်လုပ်တာပါ။ အနိုင်ရ ပါတီတွေက လွှတ်တော် ကော်မတီတွေမှာ ဥက္ကဌ လုပ်လေ့ရှိတာမို့ ဒီမိုကရက်တွေက ဥက္ကဌတွ ဖြစ်လာမှာပါ။
ရည်ရွယ်ချက်တွေကတော့-
၁။ ဥပဒေပြုဖို့ အချက်အလက်ရှာဖွေခြင်း- ဥပဒေအသစ်တွေ ရေးဆွဲဖို့ သို့မဟုတ် ပြင်ဆင်ဖို့ အ တွက် ကျွမ်းကျင်သူတွေ၊ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်နဲ့ အချက်အ လက်တွေ ရယူဖို့။
၂။ စောင့်ကြည့်စစ်ဆေးခြင်း – အစိုးရဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေအနေနဲ့ ဘတ်ဂျက်ငွေကို မှန်မှန်ကန်ကန် သုံး/မသုံးနဲ့ လုပ်ငန်းတာဝန်တွေကို ဥပဒေနဲ့အညီ ဆောင် ရွက်ခြင်း ရှိ/မရှိ စစ် ဆေးဖို့။
၃။ အများပြည်သူဆိုင်ရာ ပြဿနာများကို စုံစမ်းခြင်း- နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေး ပျက်ကပ်၊ ကျန်းမာရေးပြဿနာ သို့မဟုတ် လူမှုကွန်ရက်ကုမ္ပဏီများရဲ့ အချက်အလက် ရယူမှုစတဲ့ ပြည်သူ လူထုကို ကြီးကြီးမားမား ထိခိုက်စေတဲ့ ကိစ္စရပ်တွေကို စုံစမ်းစစ်ဆေးဖို့။
ဖိတ်ကြားတာလား၊ ဆင့်ခေါ်တာလား- ပထမအဆင့်အနေနဲ့ လွှတ်တော် ကော်မတီတွေက သက် ဆိုင်သူတွေကို လာရောက်ထွက်ဆိုဖို့ ဖိတ်ကြားခြင်း (Voluntary Invitation) လုပ်ပါတယ်။ အများ စုကတော့ (အထူးသဖြင့် အစိုးရအရာရှိတွေနဲ့ ကုမ္ပဏီ CEO တွေက) မိမိသဘောဆန္ဒအရ လာ ရောက်ကြပါတယ်။ အကယ်၍ ဖိတ်ကြားတာကို ငြင်းဆန်ခဲ့ရင် လွှတ်တော်ကနေ “Subpoena” (တရားဝင် ဆင့်ခေါ်စာ/အမိန့်) ထုတ်ပြန်ပါတယ်။ ဒီအမိန့်စာဟာ ဥပဒေအရ မဖြစ်မနေ လာရောက် ထွက်ဆိုဖို့ (သို့မဟုတ်) တောင်းခံထားတဲ့ စာရွက်စာတမ်းတွေပေးပို့ဖို့ ဥပဒေအရ အတင်းအကျပ် ခိုင်းစေတာ ဖြစ်ပါတယ်။ Subpoena ဆင့်ခေါ်စာကို မလိုက်နာရင် သို့မဟုတ် လာရောက်ဖို့ ငြင်း ဆန်ရင် လွှတ်တော်ကို မထီမဲ့မြင်ပြုမှု (Contempt of Congress) ပြစ်မှုမြောက်ပါတယ်။ အဲဒီအခါ လွှတ်တော်ကနေ အမေရိကန် တရားရေးဝန်ကြီးဌာနကို တရားစွဲဆိုပေးဖို့ တောင်းဆိုနိုင်ပြီး၊ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။
လာရောက်ထွက်ဆိုသူတွေဟာ မေးမြန်းမှုကို မစတင်ခင်မှာ အမှန်အတိုင်း ဖြေကြားပါမယ်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုရပါတယ်။ လိမ်လည်ဖြေကြားခဲ့ရင် Perjury (သက်သေခံချက် အတုအယောင် ပေးမှု) နဲ့ ရာဇဝတ်မှု မြောက်ပါတယ်။
Facebook (Meta), TikTok, Google, X (Twitter) တို့ရဲ့ CEO တွေကို လွှတ်တော်ရှေ့မှောက် ခေါ်ယူပြီး လူငယ်တွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှု၊ သုံးစွဲသူတွေရဲ့ အချက်အလက် လုံခြုံရေး စတာတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် မေးခွန်းထုတ်တာတွေကို ကမ္ဘာတစ်ဝန်းက စိတ် ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
လွန်ခဲ့နှစ်နှစ် သမ္မတ ထရန့်လုပ်ဆောင်ခဲ့တာတွေအထဲ အငြင်းပွားဖွယ်ရာ ဘယ်လောက်အထိ ရှိခဲ့သလဲ အမေရိကန်ပြည်သူတွေသာမက တကမ္ဘာလုံးက သိထားတယ်။ အဲဒီ ကိစ္စတွေအတွက် အာဏာအလွဲသုံးစား လုပ်ခဲ့သူ၊ ပူးပေါင်းကြံစည်သူ၊ တာဝန်ရှိသူ၊ သံသယရှိသူတွေ Subpoena ဆင့်ခေါ် မေမြန်း စစ်ဆေးမှုတွေ တွေခံရပါလိမ့်မယ်။
ကျန်နေသေးတဲ့ သမ္မတ သက်တမ်း နှစ်နှစ်မှာ သမ္မတ ထရန့်နဲ့ ရီပါဘရီကန်တွေ ထိမ်းထိမ်းသိမ်း သိမ်း လုပ်ဆောင်ခြင်းမရှိယင်တော့ ၂၀၂၈ သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေ မှာ သူတို့ အခြအနေ မကောင်းနိုင်ဘူးဆိုတာကိုတော့ သူတို့လည်း တွက်မိကြပါလိမ့်မယ်။ ဒါကြောင့် လာမဲ့ နှစ်နှစ်မှာ အမေရိကန်နဲ့ ကမ္ဘာ့ပြည်သူတွေ စိတ်ချမ်းမြေ့ဖွယ်တွေ မြင်လာရနိုင်တယ်လို့ မျှော် လင့်ပါတယ်။ ။



