From Resistance to Statecraft: Myanmar’s Pivotal Moment

လက်နက်ကိုင်တော်လှန်ရေးမှသည် နိုင်ငံတော်တည်ဆောက်ရေးဆီသို့ – မြန်မာ့အလှည့်အပြောင်းကာလ (အတွေးအမြင်)

K2 ရေးသားသည်။

Click to view original post in Myanmar version : https://bur.mizzima.com/2026/05/27/91557

Click to view original post in English version : https://eng.mizzima.com/2026/05/28/34554

စစ်ရေးအောင်ပွဲများ၏ အကန့်အသတ်

မြန်မာ့တော်လှန်ရေးသည် သမိုင်းဝင် အလှည့်အပြောင်း အခြေအနေတရပ်သို့ ဆိုက်ရောက်နေပါသည်။ ရက်စက် ကြမ်းကြုတ်သော စစ်အုပ်စုကို နှစ်ပေါင်းများစွာ မဆုတ်မနစ် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြ သည့်သမိုင်းတလျှောက် ယခုအခါ တော်လှန်ရေးအင်အားစုများသည် စစ်အုပ်စုကို အခြေအမြစ်ကျကျ အင်အား ချိနဲ့ သွားစေ ခဲ့ပြီး နိုင်ငံပိုင်နက်၏ ၃၈ ရာခိုင်နှုန်းခန့်နှင့် နယ်စပ်ကုန်သွယ်ရေး၏ ၆၆ ရာခိုင် နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအချက်များသည် သမိုင်းဝင်ပြီး ငြင်းပယ်၍မရသော အောင်မြင်မှုများ ဖြစ်သည်။

သို့သော်လည်း စစ်ရေးအရ အသာစီးရရုံမျှဖြင့် ရေရှည်တည်တံ့သော နိုင်ငံရေးအောင်ပွဲကို မဖော် ဆောင်နိုင်သလို၊ စစ်အာဏာရှင်စနစ်အဆက်ဆက်ကိုလည်း အပြီးတိုင် အမြစ်ပြတ် မချေမှုန်းနိုင် ကြောင်း သမိုင်းက ကျွန်ုပ်တို့ကို သတိပေးနေပါသည်။ ယခုအချိန်သည် ပြတ်သားသော မဟာဗျူဟာ မြောက် အချိုးအကွေ့တခုကို ဖော်ဆောင်ရမည့် အချိန်ဖြစ်သည်။ တော်လှန်ရေးသည် လက်နက်ကိုင် ခုခံတော်လှန်စစ် အဆင့်မှသည် အခိုင်အမာ ဆွေးနွေးညှိနှိုင်းထားသော နိုင်ငံတော်တည်ဆောက်ရေး၊ ယုံကြည်စိတ်ချရသော ဖက်ဒရယ်အုပ်ချုပ်ရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်အချုပ်အခြာအာဏာ ကျင့်သုံးရေးဆီသို့ ချက်ချင်း ကူးပြောင်းရမည် ဖြစ်သည်။

“နှစ်မျိုးစပ်ထောင်ချောက်” (Hybrid Trap) ၏ အန္တရာယ်

လက်ရှိတွင် ကျွန်ုပ်တို့သည် “နှစ်မျိုးစပ်ထောင်ချောက်” (Hybrid Trap) ၏ လက်ငင်းခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။ စစ်အုပ်စုသည် စစ်မြေပြင်တွင် အထိနာနေချိန်၌ ပြင်ပအင်အားစုများက ဖိအားပေး ၍ “ငြိမ်းချမ်းရေး အတုအယောင်” သို့မဟုတ် နိုင်ငံရေးအရ အပေးအယူလုပ်မှုတရပ်ကို ဖန်တီးရန် ကြိုး ပမ်းလာနိုင်ပါသည်။ ဤ အန္တရာယ်ရှိသော အခြေအနေသည် ပဋိပက္ခကို မြွေမသေ တုတ်မကျိုး လက်ရှိ အတိုင်း ရပ်တန့်သွားစေပြီး စစ်အုပ်စု၏ အာဏာနှင့် စစ်ရေးဩဇာကို ပုံစံသစ်တစ်မျိုးဖြင့် ဆက်လက် ရှင်သန်ခွင့် ပေးလိုက်သလို ဖြစ်သွားပါလိမ့်မည်။ စစ်အုပ်စုသည် ချို့ယွင်းချက်များစွာရှိနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲအတုကို ကျင်းပကာ ၎င်းတို့၏ တရား ဝင်မှုကို လုပ်ကြံဖန်တီးရန် ကြိုးပမ်းနေပြီ ဖြစ်သည်။

ဤဖွဲ့စည်းပုံအခြေခံဥပဒေဘောင်သည် စစ်အုပ်စု၏အာဏာကို ကန့်သတ်နိုင်ခြင်းမရှိသလို၊ အခြေခံလူ့ အခွင့်အရေးများကိုလည်း ကာကွယ်ပေးနိုင်ခြင်းမရှိ။ ယင်းအောက်တွင် ဖွဲ့စည်းမည့် မည်သည့်အစိုးရ မဆို စံနှုန်းပြည့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ဆောင်ခြင်းမျှသာ ဖြစ်နေပေလိမ့်မည်။ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် စစ်အုပ်စု၏ ကြိုးပမ်း ချက်များကို တွန်းလှန်ပြီး အပြီးတိုင် ပျယ်ပြယ်သွားစေရန်အတွက် ကျွန်ုပ်တို့သည် မိမိတို့၏ ကြားကာလဖက်ဒရယ်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို လက်တွေ့ကျင့်သုံးပြီး စစ်အုပ်စု၏ နိုင်ငံရေး မဟာဗျူဟာကို စနစ်တကျ ဖြိုဖျက်ရမည် ဖြစ်သည်။

Politics

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်အချုပ်အခြာအာဏာရယူရေး အဘယ်ကြောင့် အရေးကြီးသနည်း

ကျွန်ုပ်တို့အနေဖြင့် ခိုင်မာသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များမရှိဘဲ ဖားတပိုင်းငါးတပိုင်း ကြားကာလတော်လှန်ရေးအဆင့်တွင် ယောင်ဝါးဝါး ဆက်လက်ရပ်တည်နေ၍ မရတော့ပါ။ ၁၉၅၆ ခုနှစ်တွင်ဖွဲ့စည်းခဲ့သော “ဒီမိုကရက်တစ် လူမျိုးစုများ ညီညွတ်ရေးတပ်ဦး” (DNUF) မှသည် ၂၀၁၁ ခုနှစ် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (UNFC) ကဲ့သို့သော ယာယီစစ်ရေးနှင့် နိုင်ငံရေးမဟာမိတ်များသည် ခိုင်မာသော နိုင်ငံတော်အဆောက်အအုံ အုတ်မြစ်များပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းမရှိပါက သမိုင်းအဆက်ဆက် ပျက်ပြယ်သွားခဲ့ ရသည်ချည်း ဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးလှုပ်ရှားမှုသည် ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရန်မလိုသည့် (စည်းနှောင်မှု မရှိသည့်) နိုင်ငံရေးသဘောတူညီချက်မျှသာဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အပေါ် အလွန်အမင်းအခြေခံထားသည်။ ၎င်းပဋိညာဥ်သည် (သဘောတူညီထားသူ များ မလိုက်နာပါက) ပြည်တွင်းတရားရုံးများ အပါအဝင် မည်သည့်တရားရုံးတွင်မျှ ဥပဒေအရ အရေး ယူဆောင်ရွက်၍မရပေ။
တောင်အာဖရိကနိုင်ငံသည် ရည်မှန်းချက်များသာပါဝင်သည့် “လွတ်လပ်မှု ပဋိညာဉ်” (Freedom Charter) မှသည် အာဏာသက်ရောက်မှုရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု ဒီမိုကရေစီစနစ်သို့ သမိုင်းဝင်ကူးပြောင်းနိုင်ခဲ့သကဲ့သို့၊ မြန်မာနိုင်ငံသည်လည်း လွတ်လပ်သော ဖက်ဒရယ်တရား လွှတ် တော်ချုပ်နှင့် ပြည်နယ်အဆင့် တရားစီရင်ရေးမဏ္ဍိုင်များပါဝင်သည့် စစ်မှန်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေစနစ်တစ်ရပ်ကို တည်ဆောက်ရမည် ဖြစ်သည်။ ဤတရားဝင်ဥပဒေဘောင်သည် တရားမျှတ သော စစ်ဆေးစီရင်မှုများကို အာမခံရန်၊ အခြေခံလူ့အခွင့်အရေးများကို မြှင့်တင်ရန်နှင့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် စစ်အုပ်စုကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူနိုင်ရန် မရှိမဖြစ်လိုအပ်ပြီး စစ်တပ်ကို အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေးမည့် “ငြိမ်းချမ်းရေးအတုအယောင်” ကို ပိတ်ဆို့တားဆီးနိုင်မည် ဖြစ်သည်။

ပြည်တွင်းပြည်ပတွင် တရားဝင်မှု တည်ဆောက်ခြင်း

ထို့အပြင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုဆိုသည်မှာ စစ်ပွဲများတွင် အနိုင်ရရုံမျှဖြင့် ရရှိလာ ခြင်းမဟုတ်ဘဲ အလုပ်ဖြစ်သော အုပ်ချုပ်ရေးယန္တရားကို ပြသနိုင်ခြင်းဖြင့်သာ ရရှိခြင်းဖြစ်သည်။ အမေရိကန်တော်လှန်ရေးသမားများသည် ပြင်သစ်နိုင်ငံထံမှ မရှိမဖြစ်လိုအပ်သော ဘဏ္ဍာရေးထောက်ပံ့မှုနှင့် အသိအမှတ်ပြုမှုများကို ရရှိရန်အတွက် “ကွန်တိန်နင်တယ် ကွန်ဂရက်” (Continental Congress) ကို တည်ထောင်ပြီး အလုပ်ဖြစ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲခဲ့ကြရသည်။

ထို့အတူ မြန်မာ့တော်လှန်ရေးအင်အားစုများသည်လည်း နိုင်ငံတကာစာချုပ်များ ချုပ်ဆိုနိုင်ရန်နှင့် လို အပ်သော အရင်းအမြစ်များကို ဥပဒေနှင့်အညီ ရယူနိုင်ရန်အတွက် တရားဝင်နိုင်ငံတော်အဆောက်အအုံ များကို ထူထောင်ရမည်ဖြစ်သည်။ ဤဖွဲ့စည်းပုံဆိုင်ရာအရ တရားဝင်မှုသည် “စီးပွားရေးအရ ထိုးစစ် ဆင်ခြင်း” (Offensive Economics) သို့ ကူးပြောင်းရန်အတွက် မရှိမဖြစ်လိုအပ်သည်။ လွတ်လပ်သော အခွန်စနစ်များကို အကောင်အထည်ဖော်ခြင်းနှင့် လက်ရှိမိမိတို့ထိန်းချုပ်ထားသော ၆၆ ရာခိုင်နှုန်းသော နယ်စပ်ကုန်သွယ်မှုကို တရားဝင်စီမံခန့်ခွဲခွင့်ရခြင်းအားဖြင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် အရေးကြီးသောအုပ်ချုပ်ရေးယန္တရားများကို ရေရှည်တည်တံ့ခိုင်မြဲစွာ ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပေသည်။

အရေးကြီးဆုံးအချက်မှာ ဖက်ဒရယ်အစိုးရအဆောက်အအုံများကို တရားဝင်ပုံဖော်ခြင်းက အရင်း အမြစ်များကို မျှတစွာ စီမံခန့်ခွဲနိုင်စေပြီး၊ ၁၉၈၈ ခုနှစ်က KNU နှင့် NMSP တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် လက်ရှိလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသော ပွတ်တိုက်မှုများကဲ့သို့ သမိုင်းတလျှောက် တော်လှန်ရေးအဖွဲ့များကို အစဉ်အမြဲ ဒုက္ခပေးခဲ့သည့် အချင်းချင်း အငြင်းပွားမှု များကို တားဆီးပေးနိုင်မည် ဖြစ်သည်။

အရှေ့တောင်ဒေသ – ဖက်ဒရယ် ရှေ့ပြေးပုံစံ

စစ်ပွဲများ ဆင်နွှဲနေရဆဲကာလတွင် ဤကဲ့သို့သော နိုင်ငံတော်ကို မည်သို့တည်ဆောက်မည်နည်း။

အဖြေမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အများသဘောတူညီချက်ရရှိရန် သို့မဟုတ် ပဋိပက္ခအလွန် ဆွေးနွေးပွဲများ ပြီးဆုံးသည်အထိ စောင့်ဆိုင်းမနေခြင်းပင် ဖြစ်သည်။ မဟာဗျူဟာမြောက် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်ရပ်ကို ရှောင်ရှားရန်အတွက် ကျွန်ုပ်တို့သည် တတိုင်းပြည်လုံး စည်းလုံးညီညွတ် စွာ ပါဝင်လာသည်အထိ စောင့်မနေဘဲ စိတ်ထက်သန်မှုရှိသော ပြည်နယ် ၁၃ ခုဖြင့် စတင်ခဲ့သည့် အစောပိုင်း အမေရိကန်ပြည်ထောင်စု၏ ပုံစံအတိုင်း “အောက်ခြေမှ အထက်သို့” (Bottom-up) သွားသော ဖက်ဒရယ်ချဉ်းကပ်မှုကို ကျင့်သုံးရမည် ဖြစ်သည်။

ကရင်နီ၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့ ပါဝင်သော အရှေ့တောင်ဒေသသည် ရှေ့ပြေးပုံစံတခုအဖြစ် ဆောင်ရွက်ရန် အကောင်းဆုံးအနေအထားတွင် ရှိနေသည်။ ယခုဒေသအတွင်း စီးပွားရေးစီမံခန့်ခွဲမှု၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးတို့ကို ချက်ချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခိုင်မာသော “လက်တွေ့ပြသမှု” (Proof of concept) တခုကို ပေးစွမ်းနိုင်သည်။

ဤကဲ့သို့ အလုပ်ဖြစ်သော ဒေသ ပုံစံသည် အဖွဲ့အစည်းဆိုင်ရာ တရားဝင်မှုနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်မည် ဖြစ်ပြီး၊ အခြားဒေသများအနေဖြင့်လည်း အချိန်နှင့်အမျှ လိုက်လျောညီထွေစွာ အတုယူလုပ်ဆောင်လာ နိုင်ရန် လိုအပ်သော အရှိန်အဟုန်ကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။

“ပင့်ကူနှင့် ကြယ်ငါး” (Spider and Starfish) ချဉ်းကပ်မှု

မြန်မာနိုင်ငံ၏ ကွဲပြားလှသော တိုင်းရင်းသားနှင့် နိုင်ငံရေးအသွင်သဏ္ဌာန်များကို ထိရောက်စွာ စီမံခန့်ခွဲ နိုင်ရန်အတွက် နိုင်ငံတော်အသစ်သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေး ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်သော “ပင့်ကူနှင့် ကြယ်ငါး” (Spider and Starfish) သဏ္ဍာန် ပူးတွဲစစ်ဆင်ရေးဌာနချုပ်ကို တည်ထောင်သင့်သည်။ “ပင့်ကူ” (Spider) သည် အမျိုးသားရေးမျှော်မှန်းချက်၊ နိုင်ငံတကာဆက်ဆံရေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဦးတည်ချက်များကို တသားတည်းဖြစ်စေရန် ဗဟိုချုပ်ကိုင်မှုရှိသော ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

အပြန်အလှန်အားဖြင့် “ကြယ်ငါး” (Starfish) သည် ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့များ၊ ဒေသခံပြည်နယ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs) ကို လိုက်လျော ညီထွေရှိသောပုံစံဖြင့် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်း ခြင်း ဖြစ်သည်။

စနစ်တကျ တွက်ချက်ထားသော ဤပေါင်းစပ်ချဉ်းကပ်မှုသည် ဗဟိုချုပ်ကိုင်မှုလွန်ကဲ ၍ လုပ်ငန်းစဉ်များ ရပ်တန့်သွားခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လုံးဝမရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား ခြင်း အန္တရာယ်နှစ်ရပ်လုံးကို အောင်မြင်စွာ ရှောင်ရှားနိုင်မည်ဖြစ်သည်။

တိုက်ပွဲခေါ်သံ – ပြည်ထောင်စုသစ်တရပ် မွေးဖွားခြင်း

ယောင်ခြောက်ဆယ် နိုင်ငံရေးအစီအမံများဖြင့် အချိန်ဖြုန်းရမည့်ခေတ်သည် ကုန်ဆုံးသွားပါပြီ။ ထိပ်သီး မဟာဗျူဟာဆွေးနွေးပွဲတရပ်ကို ဖြစ်နိုင်ပါက ၂၀၂၆ ခုနှစ်မကုန်မီ အမြန်ဆုံးကျင်းပပြီး ပြတ်သားသော အလှည့်အပြောင်းတခုကို မဖြစ်မနေဖန်တီးရန်လိုအပ်သည်။ NUG၊ NLD၊ CRPH၊ NUCC၊ EROs များနှင့် အသစ်ပေါ်ထွက်လာသော ဖက်ဒရယ်ယူနစ်များမှ ခေါင်းဆောင်များသည် ယာယီမဟာမိတ်ဖွဲ့ခြင်းအဆင့်ထက် ကျော်လွန်လုပ်ဆောင်နိုင်ရန် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ အရယူရမည် ဖြစ်သည်။

ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်း၍ မိမိတို့၏ သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေများကို လက် တွေ့ ကျင့်သုံးကြောင်း ကြေညာကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တရားဝင် မွေးဖွား သန့်စင်ရမည် ဖြစ်သည်။ တော်လှန်ရေး၏ အဆုံးစွန်သော အောင်ပွဲသည် ကျွန်ုပ်တို့လက်နက်ကိုင် တပ်ဖွဲ့များ၏ အင်အားအပေါ်တွင်သာမက၊ စစ်မှန်သောအချုပ်အခြာအာဏာပိုင်နိုင်ငံတခုတည်ဆောက် ရေးအတွက် ချက်ချင်း၊ ရဲရင့်စွာ သန္နိဋ္ဌာန်ချမှတ်မှုအပေါ်တွင်လည်း တည်မှီနေပါသည်။

[K2 သည် မြန်မာနိုင်ငံရှိ အကြမ်းမဖက်လှုပ်ရှားမှု၊ ပဋိပက္ခဖြေရှင်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဝါရင့်မဟာဗျူဟာမြောက် အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သည်။ သူသည် Institute for Peace and Social Justice (IPSJ) တွင် အကြီးတန်းအမှုဆောင်အရာရှိအဖြစ် တာဝန်ယူလျက်ရှိသည်။]

IPSJ Assistant