နိုဝင်ဘာလ ၈ ရက်, ၂၀၂၆
နိုဝင်ဘာလ ၇ ရက်၊ စနေနေ့တုန်းက အမတ် ၁၂၀ ပါဝင်ပြီး သုံးနှစ်သက်တမ်းရှိ နယူးဇီလန်ပါလီမန် House of Representatives အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ နယူးဇီလန်ဟာ လွှတ်တော်တစ်ရပ် unicameral စနစ် နဲ့ ပါလီမန်ဒီမိုကရေစီ (parliamentary type of government) စနစ်ကို ကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ပါလီမန်မှာ အမတ်နေရာထက်ဝက်ကျော်အနိုင်ရတဲ့ ပါတီ သို့မဟုတ် ပါတီများညွန့်ပေါင်း အဖွဲ့က အစိုးရဖွဲ့တာမို့ ပါလီမန်ဒီမိုကရေစီနစ်ကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ပါလီမန် အထွေထွေ ရွေးကောက်ပွဲဟာ နယူးဇီလန်မှာ နိုင်ငံရေးအရ အရေးအကြီးဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။
လူဦးရေ ၅.၄ (ငါးဒဿမလေး) သန်း လောက်သာရှိတဲ့ နယူးဇီလန်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၁၇ ခု ရှိပါတယ်။ အဲဒီအထဲကမှ Labour Party, National Party, Green Party, ACT New Zealand, New Zealand First, The Opportunity Party (TOP) နဲ့ Te Pāti Māori စတဲ့ ပါတီ ၇ ခုသာ ပါလီမန်ထဲရောက်လာဖို့ ခန့်မှန်းထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က အာဏာရထားတဲ့ အစိုးရ ကတော့ National Party, ACT New Zealand, and New Zealand First ဗဟို-လက်ယာယိမ်း သုံးပါတီ ညွန့်ပေါင်းအစိုးရ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ National Party က Christopher Luxon ဖြစ်ပါတယ်။ အဓိက အတိုက်အခံကတော့ Labour Party, Green Party နဲ့ Te Pāti Māori ဗဟို-လက်ဝဲယိမ်း သုံးပါတီ ညွန့်ပေါင်း ဖြစ်ပါတယ်။
အခုအချိန်အထိ ရေတွက်ပြီးမဲစာရင်းတွေအရ အဲဒီ အဓိက အုပ်စုကြီးနှစ်ခုဟာ မဲအရေအတွက် မတိမ်းမယိမ်း ရနေကြပါတယ်။ အဲဒီလိုမဲ အရေအတွက် အရမ်းနီးကပ်နေယင် အမှားအယွင်း မရှိအောင် မဲတွေကို သေချာ စိစစ်ရေတွက်တာမို့ တရားဝင်ရလဒ် ထုတ်ပြန်ဖို့ အချိန် ပိုကြာတတ်ပါတယ်။ ခန့်မှန်းချေအားဖြင့် ရက်သတ္တပတ် သုံး-လေးပတ် ကြာနိုင်ပါတယ်။ အစိုးရသစ်ကတော့ အဲဒီနောက်ပိုင်းမှ ပေါ်လာပါမယ်။ ဒီအတော အတွင်း မဲရလဒ် အကြမ်းဖျဥ်းသိရှိနေပြီမို့ အထက်မှာ ပြောခဲ့တဲ့ နိုင်ငံရေးပါတီ အုပ်စုကြီးနှစ်ခု အစိုးရ ဖွဲ့ စည်းရေးကို စပြီး ဆွေးနွေးနေနိုင်ပါတယ်။ သေချာတာက အများဆုံးအနိုင်ရဖို့ ခန့်မှန်းထားတဲ့ National Party နဲ့ Labour Party တွေတောင်မှ မဲအားလုံးရဲ့ ၃၀ % ဝန်းကျင်သာ အနိုင်ရမှာမို့ ညွန့်ပေါင်းအစိုးရပဲ ပေါ်လာမှာဖြစ်ပါတယ်။
MMP ရဲ့ အခန်းကဏ္ဍ
နယူးဇီလန်ရဲ့ နိုင်ငံရေးစနစ်၊ ရွေးချယ်တင်မြှောက်ပုံစနစ်နဲ့ အစိုးရဖွဲ့စည်းပုံစနစ်ဟာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ဥရောပနိုင်ငံ အများစုမှာတွေ့ရတဲ့ ပုံစံမျိုးပါ။ နိုင်ငံမှာ နိုင်ငံရေးပါတီ တစ်ဒါဇင်ကျော် ရှိတတ်ပြီး ပါလီမန် (လွှတ်တော်) ထဲကို ရောက်လာတဲ့ ပါတီက ၅-၁၀ ခု ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ဘယ်ပါတီကမှ ၅၀ % ကျော် အပြတ်အသတ် အနိုင်ရပြီး တစ်ပါတီထည်းက အစိုးရဖွဲ့တဲ့ winner-takes-all အနိုင်ရသူ အကုန် ယူ အစိုးရမျိုးမဖြစ်အောင် စီမံထားပါတယ်။ တနည်းအားဖြင့် ပါတီစုံ ဒီမိုကရေစစီစနစ်အားကောင်းဖို့၊ အများပါဝင်နိုင်တဲ့ ညွန့်ပေါင်းအစိုးရ တနည်း inclusive အစိုးရဖြစ်ဖို့၊ အာဏာရပါတီမှသည် အာဏာရှင် ပါတီ ဖြစ်မသွားအောင် တားဆီးဖို့ စနစ်တကျ စီမံထားလို့ ဖြစ်ပါတယ်။
အဲဒီလို စနစ်တကျ စီမံတဲ့အထဲမှာ ရွေးချယ်တင်မြှောက်ပုံစနစ်ဟာ အရေးကြီးအခန်း ကဏ္ဍက ပါဝင်ပြီး၊ MMP (Mixed Member Proportional Representation) ဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ MMP စနစ်မှာ မဲဆန္ဒနယ်တွေက တိုက်ရိုက်ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပါဝင်သလို၊ တစ်နိုင်ငံလုံး ကိုယ်စားပြုမှုမှာလည်း အချိုးကျဖြစ်လို့ မဲများသူအနိုင်ယူစတမ်း First-Past-The-Post (FPTP) ရဲ့ အဓိက အားနည်း ချက်ကြီးဖြစ်တဲ့ ပါတီကြီးတွေက ပိုကိုယ်စားပြုခွင့်ရတာ over-representation နဲ့ ပါတီငယ်တွေ ရဲ့ ကိုယ်စားပြုခွင့် နစ်နာရတာ under-representation ပြသနာကို ဖြေရှင်းပြီးသား ဖြစ်တယ်။
၁၉၄၉ ခုနှစ် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ ဂျာမနီ နိုင်ငံ တည်ထောင်တဲ့အခါ ဂျာမနီ အောက်လွှတ်တော် Bundestag အမတ်တွေကို MMP စနစ်နဲ့ ရွေးချယ်ဖို့ ပြဌာန်းခဲ့ပါတယ်။ FPTP နဲ့ Closed-List PR စနစ်နှစ်ခု ပေါင်းစပ်ကျင့်သုံးတာ ခေတ်စားလာပြီး နယူးဇီလန်၊ တောင်ကိုးရီးယား၊ ထိုင်း စတဲ့ နိုင်ငံတွေ အပါအဝင် အခုအခါ နိုင်ငံအများအပြားမှာလည်း ကျင့် သုံးနေကြတယ်။ ဒါပေမဲ့ ခြားနားချက်တွေတော့ ရှိပါတယ်။
MMP စနစ်ကို နားလည်ဖို့ဆိုရင် ဂျာမနီက MMP စနစ်ကို အရင်ဆုံးလေ့လာသင့်ပါတယ်။ လက်ရှိ ဂျာမနီ အောက်လွှတ်တော် Bundestag မှာ အမတ်နေရာ ၆၃၀ ရှိပါတယ်။ အဲဒါကို ထက်ဝက်ခွဲပြီး ၃၁၅ ယောက်ကို FPTP စနစ်နဲ့ ရွေးချယ်ပါတယ်။ ဒါကြောင့် ၃၁၅ ယောက်ကိုရွေးဖို့ ဂျာမနီ တနိုင်ငံလုံးမှာ မဲဆန္ဒနယ် ၃၁၅ နယ် ဖွဲ့ရပါတယ်။ ကျန် ၃၁၅ ယောက်ကို Closed-List PR စနစ်နဲ့ ရွေးပါတယ်။ Closed-List PR စနစ်မှာ မဲဆန္ဒ ရှင်တွေက ကိုယ်စားလှယ်လောင်းကို မဲမပေးပဲ ပါတီကိုသာ မဲပေးရပါတယ်။ ရရှိတဲ့ မဲအချိုးအစားအတိုင်း အမတ်နေရာတွေကို အချိုးကျ ခွဲတမ်းချပေးပါတယ်။ ပါတီအလိုက် အရွေးခံရမဲ့ ကိုယ်စားလှယ်စာရင်း (List) ကို ပါတီကသာ ဆုံးဖြတ်ပြီး မဲဆန္ဒရှင်တွေအတွက်တော့ ပိတ်ထားသလိုဖြစ်တာကို အကြောင်းပြုပြီး Closed-List လို့ ခေါ်တာဖြစ်တယ် (သူနဲ့ ဆန့်ကျင်ဖက် Open-List မှာ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ် လောင်းတွေကို မဲပေးရွေးချယ်ခွင့်ရှိပါတယ်)။
ပုံမှာ ပြထားတဲ့ မဲပြားဟာ ဂျာမနီ အောက်လွှတ်တော် ရွေးကောက်ပွဲမှာသုံးတဲ့ မဲပြားနမူနာပါ။ မဲဆန္ဒနယ် ၃၁၅ နယ်မှာ မဲပေးကြတဲ့ ဂျာမန်ပြည်သူတိုင်းဟာ မဲနှစ်မဲ ပေးရပါတယ်။ ပုံပါ မဲပြားမှာ ဖေါ်ပြထားတဲ့ လက်ဝဲဖက် ကော်လံမှာက လူနာမည်၊ ပါတီနာမည်တွေကို ဖေါ်ပြထားတယ်။ အဲဒါက မဲဆန္ဒနယ်ကို ကိုယ် စားပြုဖို့ FPTP စနစ်အတွက် မဲဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက်ကို ရွေးချယ်ကာ တစ်မဲ မဲပေးရပါတယ်။ ကိုယ်စားလှယ်လောင်းကို မဲပေးယင်းနဲ့ ပါတီဟာလည်း တွဲလျက်ပါသွားတယ်။ လက်ယာ ဖက် ကော်လံမှာက Closed-List PR အတွက် မိမိကြိုက်ရာ ပါတီကို တစ်မဲ မဲပေးရပါတယ်။
FPTP စနစ်နဲ့ ရွေးရမဲ့ ၃၁၅ နေရာအတွက် မဲရေတွက်မှုကို မဲဆန္ဒနယ် တစ်ခုချင်းအလိုက် ရေတွက်ပြီး၊ မဲဆန္ဒ နယ် တစ်ခုချင်းစီမှာ မဲအများဆုံးရတဲ့ အနိုင်ရသူ ၃၁၅ ယောက် ထွက်ပေါ်လာပါတယ်။ Closed-List PR အရ မဲရေတွက်မှုကိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ပါတယ်။ ပါတီအလိုက်ရရှိတဲ့ မဲအချိုးအစားအတိုင်း ၃၁၅ ယောက်ကို ပါတီအသီးသီးအတွက် ခွဲတမ်းချပေးပါတယ်။ ဒီနေရာမှာ MMP ရဲ့ သဘောတရားကို ကျင့် သုံးပါတယ်။ FPTP ရဲ့ အပို၊ အလို over-representation ၊ under-representation ပြသနာကို အထက်မှာ ဖေါ်ပြခဲ့ပြီးဖြစ်တယ်။ ၃၁၅ နေရာကိုရွေးတဲ့ PFTP မှာ over-representation ၊ under-representation ဖြစ်ခဲ့တာတွေကို Closed-List PR မှာ ရမဲ့ ခွဲတမ်းထဲကနေ ပြန်လည်ကုစားပေးရတယ်။ ဥပမာ ပါတီတစ်ခုခု က FPTP ဘက်မှာ ၁၀ % ပိုပြီး over-representation ဖြစ်ထားယင် Closed-List PR မှာ သူရမဲ့ ခွဲတမ်း ထဲကနေ ၁၀ % နဲ့ ညီမျှတဲ့ အမတ်နေရာ ၁၀ % အနှုတ်ခံရပါတယ်။ အဲဒီက နှုတ်ထားလို့ ထွက်လာတဲ့ အမတ် နေရာတွေကို FPTP မှာ နည်းပြီး under-representation ဖြစ်ခဲ့တဲ့ ပါတီတွေကို ဖြည့်ပေးတယ်။ FPTP နဲ့ Closed-List PR ကို ပေါင်းစပ်လိုက်တဲ့အတွက် နောက်ဆုံးရလဒ်က ပါတီတိုင်းဟာ သူတို့ ရရှိတဲ့ မဲအရေအတွက်နဲ့ အညီအမျှသာ ပါလီမန်လွှတ်တော်မှာ ကိုယ်စားပြုခွင့်ရကြတယ်။ ပိုခြင်း၊ လိုခြင်း ပ over-representation ၊ under-representation ပြသနာ မရှိတော့ဘူး။ အဲဒီလိုဖြစ်အောင် စနစ်နှစ်ခု ရောနှော ပေါင်းစပ်ထားတာကို အကြောင်းပြပြီး Mixed (ရောနှောခြင်း) Member PR (MMP) လို့ ခေါ်တာဖြစ်တယ်။ သူနဲ့မတူတဲ့ စနစ်က Parallel (မျဥ်းပြိုင်) စနစ်လို့ ခေါ်တယ်။ Parallel စနစ်မှာလည်း FPTP နဲ့ Closed-List PR ကို ပူးတွဲကျင့်သုံးပေမဲ့ MMP မှာလို FPTP ရဲ့ over-representation ၊ under-representation ပြသနာ ကို ထိမ်းညှိပေးခြင်းမရှိပဲ မျဥ်းပြိုင်နှစ်ခုလို လွှတ်ထားလို့ Parallel စနစ်လို့ ခေါ်တာ ဖြစ်မယ်။ ထိုင်းနိုင်ငံမှာ အောက်လွှတ်တော် အမတ် ၅၀၀ အနက် ၄၀၀ ကို FPTP နဲ့ရွေးတယ်။ ကျန် ၁၀၀ ကို Closed-List PR နဲ့ ရွေးတယ်။ MMP မှာလို ပို၊ လို ကိုယ်စားပြုမှုကို ထိမ်းညှိခြင်းမရှိ လွှတ်ထားလို့ ထိုင်းက စနစ်ကို Parallel လို့ ခေါ်တယ်။
နယူးဇီလန်က MMP
နယူးဇီလန် ပါလီမန် အမတ် ၁၂၀ အနက် ၇၁ ဦးကို FPTP နဲ့ ရွေးပါတယ်။ ၄၉ ဦးကိုသာ Closed-List PR နဲ့ရွေးတယ်။ ဂျာမနီက MMP လို FPTP ရဲ့ အပို၊ အလို ကိုယ်စားပြုမှုပြသနာကို Closed-List PR ခွဲတမ်းနဲ့ ကုစားပါတယ်။ ဒါပေမဲ့ ပြသနာတစ်ခုရှိတယ်။ FTPT မှာ ပိုပြီးကိုယ်စားပြုထားတာ ၃၀ % ရှိတယ်ဆိုပါစို့။ Closed-List PR မှာက မဲ ၃၀ % အောက်ပဲ ရတဲ့အခါ၊ FPTP မှာ ပိုပြီး ကိုယ်စားပြုထားတာကို ပြန်ခုနှိမ်ဖို့ လိုတပ်တဲ့ အမတ်အရေအတွက် Closed-List PR ခွဲတမ်းမှာ ရှိမနေဘူး။ အဲဒါမျိုး အခြေအနေမျိုးဆိုယင် FPTP မှာ ပိုပြီး ကိုယ်စားပြုထားတာကို ခုနှိမ်လို့ မရတော့တဲ့အတွက် ပါလီမန်အမတ် စုစုပေါင်းဟာ ၁၂၀ ထက် ကျော်နေတတ်ပါတယ်။ ဒါမျိုးအခြေအနေကို ခွင့်ပြုထားပါတယ်။ အဲဒီလိုဖြစ်ရတာက FPTP စနစ်နဲ့ ရွေးတဲ့ အမတ်က Closed-List PR နဲ့ ရွေးတဲ့ အမတ်ထက် ပိုများနေလို့ ဖြစ်ပါတယ်။ ဂျာမနီမှာ နယူးဇီလန် လို မဖြစ်နိုင်ပါ၊ အကြောင်းကတော့ FPTP နဲ့ Closed-List PR ရွေးရမဲ့ အမတ်အရေအတွက်ကို ၅၀ % စီ အညီ အမျှလုပ်ထားလို့ပါ။
PR စနစ်တစ်မျိုးမျိုးကို ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ကြမ်းခင်းမဲ threshold ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။ တနိုင်ငံလုံး မဲအရေအတွက် ရာနှုံးတစ်ခုအထိ မပြည့်မှီဘူးဆိုယင် လွှတ်တော်ထဲ ဝင်ခွင့်မရှိဘူး ဆိုတဲ့ သတ် မှတ်ချက်ပါ။ အလုပ်ဖြစ်မဲ့ အစိုးရမဖွဲ့နိုင်လောက်အောင် ပါတီတွေဖေါင်းပွတာမျိုး မဖြစ်အောင် ကာကွယ် ထားတဲ့ အစီအမံပါ။ ဂျာမနီရော နယူဇီလန်မှာပါ ကြမ်းခင်းမဲ သတ်မှတ်ချက်ဟာ ၅ % ပါ။ ဥပမာ တနိုင်ငံလုံး မဲ ၅ % အောက်ပဲ ရရှိတဲ့ ပါတီတွေက ၅ ခုဖြစ်နေပြီး သူတို့ အားလုံးစုစုပေါင်းရထားတဲ့ မဲအေရအတွက်က ၁၂ % ဖြစ်တယ် ဆိုပါစို့။ အဲဒီလို အခြေအေနမှာ ၁၂ % နှုတ်ပြီး ကျန်တဲ့ ၈၈ % ကို ၁၀၀ % အဖြစ် သတ်မှတ် ကာ တခြားပါတီတွေရမဲ့ ခွဲတမ်းထဲ အချိုးကျ ပေါင်းထည့်ပေးလိုက်တယ်။
၁၉၄၉ ဖက်ဒရယ် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ ပေါ်လာကတည်းက ဂျာမန် အစိုးရတွေဟာ winner-takes-all အနိုင်ရသူ အကုန်ယူ အစိုးရမျိုးမဟုတ်ပဲ ညွန့်ပေါင်းအစိုးရတွေသာဖြစ်ပါတယ်။ လက်ရှိဂျာမနီ အစိုးရဟာ CDU/CSU ဦးဆောင်တဲ့ ဗဟို-လက်ယာယိမ်း သုံးပါတီ ညွန့်ပေါင်း အစိုးရဖြစ်ပါတယ်။ ဥရောပ နိုင်ငံ ၅၀ % လောက်ဟာ လက်ရှိမှာ ညွန့်ပေါင်းအစိုးရတွေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေပါ။
နယူးဇီလန်နဲ့ ဥရောနိုင်ငံတွေမှာ MMP စနစ်ကျင့်သုံးတာဟာ ပါတီစုံစနစ် အားကောင်းစေဖို့၊ အများပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ တနည်း inclusive အစိုးရ ဖြစ်စေဖို့၊ အာဏာရပါတီမှသည် အာဏာရှင်ပါတီမဖြစ်သွား အောင် တားဆီးဖို့အတွက် အစီအမံ တစ်ခုဖြစ်ပါတယ်။ မကြာခင်ပေါ်လာမဲ့ နယူးဇီလန်အစိုးရဟာ သေချာ ပေါက် ညွန့်ပေါင်း အစိုးရပဲ ဖြစ်ပါလိမ့်မယ်။ သုံးပါတီ ညွန့်ပေါင်းအစိုးရ ဖြစ်ဖို့ သေချာသလောက်ပါ။ ။
ရေးသားသူ
ဦးခင်မောင်ဝင်း
ဦးခင်မောင်ဝင်းသည် IPSJ အလုပ်အမှု့ဆောင်အဖွဲ့ဝင် ဖက်ဒရယ်ဒီမိုကရေစီ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစံနစ်ဆိုင်ရာသုတေသီတဦးဖြစ်သည်။



